မင်းဘူး   ဩဂုတ်   ၃၀

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မြေပဲဈေးကောင်းသောကြောင့် မိုးနှောင်း သီးနှံအဖြစ် ဆက်လက်စိုက်ပျိုးရန် စိုက်ခင်းများအား ထွန်ယက်လာကြပြီဖြစ်ကြောင်း ကြာကန်အုပ်စု ပေါက်တောကျေးရွာ ပဲစိုက်တောင်သူများထံမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၇၈ အုပ်စု ကျေးရွာပေါင်း ၁၅၀ နှင့် မြေဧကပေါင်း ၆၀၅၃၄.၆၆ ဧကရှိကာ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး တချို့ကျေးရွာရှိ တောင်သူများက ဥယျာဉ်ခြံမြေများအဖြစ် ပြုစုပျိုးထောင်ကြပြီး သီးပင်စားပင်မျိုးစုံနှင့် နှစ်ရှည်ပင်များဖြစ်သည့် သရက်၊ လျှော်ဖြူ၊ သနပ်ခါး ဆီးပင်များ စိုက်ပျိုးလုပ်ကိုင်ကြကာ တချို့ တောင်သူများကလည်း နွား၊ ဝက်၊ သိုး၊ ဆိတ်၊၊ ကြက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် တွဲဖက်မွေးမြူကြသည်။

 

"ကျွန်တော်တို့ ကြာကန်အုပ်စုကတော့ မုန်းချောင်း၊ မန်းချောင်းက ဆည်ရေမသောက်ရတော့ ရေက ရှားတာပေါ့။ အခုလို မိုးမပြတ်ရွာနေသော  မိုးတွင်းကာလများမှာ အအေးဓာတ်နဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကတော့ မြေပွပြီး အောက်ဖက်မှာ အစိုဓာတ်နည်းနည်းနဲ့ အအေးဓာတ်ရှိနေရင် အောင်မြင် ဖြစ်ထွန်းနိုင်ပါတယ်။ ကျွန်တော်တို့ အလယ်ပိုင်းဒေသက အပူများတယ်ဆိုပေမဲ့ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲစတဲ့ သီးနှံတွေတော့ စိုက်လို့ရပါတယ်။ အဲ့ဒီသီးနှံတွေ နောက်ကျသွားလဲ ကိစ္စမရှိဘူးလေ တချို့သီးနှံ တွေက တပို့တွဲ တပေါင်းမှ ပေါ်ကြတာပါ။ ယခုနှစ် သီးနှံလေးတွေ ဈေးကောင်းတော့ တောင်သူတွေ အဆင်ပြေကြပါတယ်” ဟု ပေါက်ကုန်းကျေးရွာမှ တောင်သူ ဦးထွန်းကြည်က ပြောသည်။

 

ယခုနှစ် မြေပဲသီးနှံများ ဈေးကောင်းရရှိပြီး မြေပဲဆံ တစ်တင်းလျှင် ကျပ် ၁၁၀,၀၀၀၊ မြေပဲအတောင့် တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ နှင့် မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ဈေးများရှိကြောင်း မင်းဘူးမြို့ရှိ မြေပဲပွဲရုံများနှင့် ဆီအရောင်းဆိုင်များမှ  သိရသည်။

ဇေယျာထက်(မင်းဘူး)