နေပြည်တော်   ၅  ဇွန်  


မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၃ ရက် မွန်းလွဲ(၁)နာရီခွဲက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1

 


အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စနစ် ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံတကာအဆင့်အတန်းမီစနစ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများကို ယခင်ကတည်းက ကောက်ယူပြုစုဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ စီးပွား ရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စအရပ်ရပ်တို့အတွက် လူဦးရေစာရင်းဇယား မှန်ကန်စွာ ရရှိရေးသည် အရေးကြီးသကဲ့သို့ မွေးဖွားသူ၊ သေဆုံးသူစာရင်းများ မှန်ကန်စွာရရှိနိုင်ရေးသည်လည်း အရေးကြီးပါကြောင်း။


ယခုအစည်းအဝေးတွင် အဓိကအားဖြင့် မွေးဖွားမှု၊သေဆုံးမှုအပေါ်အခြေခံပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းအား ထိရောက်စွာဆောင်ရွက်နိုင်ရန် တာဝန်ယူဆောင်ရွက်မည့်ဌာန သတ်မှတ် ခြင်း၊ ပြည်သူ့ရေးရာမှတ်ပုံတင် အရာရှိချုပ်ခန့်အပ်ခြင်းနှင့် ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းနှင့် ဖွား/သေ စာရင်းအင်းဆိုင်ရာ  ဥပဒေပြဋ္ဌာန်းပေးခြင်းစသော လုပ်ငန်းတာဝန် များနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုကြရန်ဖြစ်ပါကြောင်း၊ 


ယင်းလုပ်ငန်းစဉ်သည် ဌာနအားလုံးနှင့် ဆက်စပ်နေသကဲ့သို့ ဌာနအားလုံးပူးပေါင်းဆောင်ရွက်ကြမှသာ စာရင်းအင်းများ စနစ်တကျဖြစ်ပြီး ထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုဖြစ်စဉ်များတွင်မြေပြင်၌ လက်ရှိ ဉီးဆောင်၍လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး ဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနနှင့် အခြားသောဆက်စပ်ဌာနများ အနေ ဖြင့် မိမိတို့နိုင်ငံ၏အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတို့အတွက် ထိရောက်ပြီး အကျိုးရှိစေမည့် နိုင်ငံတကာအဆင့်မီ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် စနစ်တစ်ခုပေါ်ပေါက်လာစေရေးအတွက် အဓိကကျသော အချက်အလက်များနှင့် အခြားသော လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ညှိနှိုင်းဆွေးနွေးအကြံပြုကြရန် ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ယင်း လုပ်ငန်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဖွား/သေစာရင်း တိကျမှန်ကန်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းစဉ်အား တာဝန်ယူဆောင်ရွက်မည့် ဌာနသတ်မှတ်၍ ပါဝင်သင့်သည့် ဆက်စပ်ဌာနအားလုံးက ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ဆွေးနွေးအကြံပြုချက်များအား ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


(သတင်းစဉ်)