လှည်းကူး  ၃၀  သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာရှိ မေတ္တာပရဟိတ ဂေဟာမှ မသန်စွမ်းအနာကြီး ရောဂါသည်များအတွက် နိုင်ငံတော်အစိုးရမှ စားစရိတ်ထောက်ပံ့ကြေးငွေ ၁၉၂၅၀၀၀၀ သိန်း ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ် ၂၉ ရက် ညနေ ၃ နာရီက မေတ္တာပရဟိတ ဂေဟာခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းမှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊  အမျိုးသားအဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ အပါအဝင် ကော်မတီအသီးသီးကို ဖွဲ့စည်းပြီးသည့်အပြင် တစ်နိုင်ငံလုံးတွင်ရှိသော  မသန်စွမ်းသူများ အဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းပြီး မသန်စွမ်းအလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေး၊ စောင့်ရှောက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲရတာ ဖြစ်တဲ့အတွက် ပြည်သူတွေဆီကို အ‌ရောက်ပို့တဲ့အခါ အလိုအပ်ဆုံးနေရာနှင့် လိုအပ်သည့် နေရာများအလိုက် ပြည်သူတွေကို  ပြန်ပြီးထောက်ပံ့နိုင်တဲ့ ပြည်သူ့အစိုးရရဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မသန်စွမ်းအနာကြီး ရောဂါသည် ၁၄၅ ဦး အတွက် (၁)ဦးလျှင် ငွေကျပ် ၅၀၀၀၀ စီဖြင့် စုစုပေါင်း ငွေကျပ်  ၇၂၅၀၀၀၀ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခြင်းနှင့် နေ့စဉ်စားစရိတ်အတွက် (၁)ရက်လျှင် ငွေကျပ် (၁)သိန်းစီဖြင့် ရက်ပေါင်း ၁၂၀ စာကို ငွေကျပ်သိန်း ၁၂၀ အား စားစရိတ်အဖြစ် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

“မေတ္တာပရဟိတဂေဟာတွင် မသန်စွမ်း အနာကြီးရောဂါသည်လူနာများနှင့် အခြေအနေမဲ့လူနာ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၆၀၊ စုစုပေါင်း ၁၄၅ ဦး စောင့်ရှောက်ထားပါတယ်၊ ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမှာဆိုတော့ အလှူရှင်တွေလာရောက်မှု နည်းပါးသွားတော့ ဂေဟာက စောင့်ရှောက်ထားတဲ့ လူနာတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ဂေဟာ ပုံမှန်လည်ပတ်ရပ်တည်နိုင်ဖို့ အခက်အခဲရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာလက ပိုပြီးတော့ ရှည်ကြာလာလို့ အလှူရှင်တွေ မလာရောက်နိုင်လျှင် ဂေဟာအတွက် အခက်အခဲများစွာ ရှိပါတယ်” ဟု မေတ္တာပရဟိတဂေဟာ(ဥက္ကဋ္ဌ) ဦးလှဌေးက ပြောကြားခဲ့သည်။ 

နိုင်လင်း(လှည်းကူး)