ဂန့်ဂေါ ၃၀ စက်တင်ဘာ

မြောက်ခင်ရန်းကျေးရွာ အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ ဦးဆောင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောရွှေမောင်နှင့် ကျေးရွာသူ/သားများ စုပေါင်း၍ မေတ္တာရောင်ခြည်လူမှုရေး အသင်းအဖွဲ့သို့ စားသုံးဆီများကို ယမန်နေ့နံနက်က မြောက်ခင်ရန်းကျေးရွာ အောင်မင်္ဂလာကျောင်းတွင် လှူဒါန်းသည်။

 

ထိုသို့လှူဒါန်းရာတွင် နှမ်းဆီ ပိဿာ ၁၇၀ နှင့် နေကြာဆီ ပိဿာ ၁၀၀ တို့ကို လှူဒါန်းခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေမောင်က မေတ္တာရောင်ခြည်လူမှုရေးအသင်းဥက္ကဋ္ဌ ဦးမြတ်လင်း ထံ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

 

အဆိုပါနေ့တွင်  မေတ္တာရောင်ခြည်လူမှုရေးအသင်းက လှူဒါန်းသည့် ဆီများကို သယ်ယူခဲ့ကြကြောင်းနှင့် မေတ္တာရောင်ခြည် လူမှုရေးအသင်းအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျောတိုက်ရပ်ကွက် ခေမာသီဝံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး သာရေး/နာရေး လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူကြရသည့် လူနာ/လူနာစောင့် များတို့အား  နေ့စဉ် နေ့လယ်စာ ထမင်းနှင့် ဟင်းစားသောက်ဖွယ်ရာများတို့ကို ချက်ပြုတ်လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)