ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာသည့်အတွက် ခေတ္တယာယီပိတ်ထားခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းလာသဖြင့် အများ ပြည်သူများ စိတ်အေးချမ်းသာစွာအနားယူအပန်းဖြေနိုင်စေရန်နှင့် ကလေးငယ်များ ပျော်ရွှင်အေးချမ်းစွာ ကစားနိုင်စေရန်အတွက်ရည်ရွယ်ကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်ကစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခြံတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ဇန်နဝါရီ ၂ ရက်မှစတင်၍ မီးပဒေသာပန်းပင်များ၊ ကြယ်ပုံစံမီးပဒေသာများ၊ မီးရောင်စုံခြေနင်းမီး အဝိုင်းပြားများ၊ ပန်းခြံအတွင်းရှိ သစ်ပင်များတွင်လည်း ရောင်စုံမီးအလှများ တပ်ဆင်ထားခြင်းတို့ဖြင့် အများပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားသည်။
ထိုသို့ ဆောင်ရွက်ထားမှုကြောင့် ပန်းခြံအတွင် းမိသားစုအလိုက်စုဖွဲ့၍လည်းကောင်း၊ ကလေးငယ်များ စုဖွဲ့၍ လည်းကောင်း၊ အလှဆင်မီးများနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ ရောင်စုံမီးအဝိုင်းပြားများအပေါ်တွင် ကလေးငယ်များပျော်ရွှင်စွာ ဆော့ကစားခြင်း၊ မြက်ခင်းပြင်များအပေါ်တွင် စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူခြင်းများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)