နေပြည်တော် ဧပြီ ၁၄
ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကျနေ့) တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေး လှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေ ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီးဘုရားများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် တရားဘာဝနာ ပွားများအားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများကြသူများနှင့် ဘုရားရေသပ္ပာယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်များတွင်လည်း နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနများနှင့် နေပြည်တော် မြို့နယ်အတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့်လည်းကောင်း ဖျော်ဖြေကြပြီး ရေပက်ခံကားများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် စတုဒိသာမဏ္ဍပ်တွင်လည်း လာရောက်ရေပက် ကစားကြသူများကို အကျွေးအမွေးများ ဖြင့် ဧည့်ခံကြသည်ကိုလည်း တွေ့ရသည်။
ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန် ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ အပန်းဖြေ စခန်းတို့တွင်လည်း လာရောက်အပန်း ဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ မဟာသင်္ကြန်ကာလအတွင်း အပန်းဖြေကမ်းခြေစခန်းများတွင် ပြည်သူများ စိတ်လက်ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်းဖြေ အနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ကျည်တောင်ရေဆိပ်သို့ လာရောက်အပန်းဖြေသူတစ်ဦးက “ ဒီနှစ်သင်္ကြန်ကို အခုလို စည်စည်ကားကားနဲ့ ကျင်းပခွင့် ပေးတဲ့တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တစ်နှစ်ပတ််လုံး အလုပ်လုပ်လာခဲ့ပြီး အခုလိုအချိန်မှာ စိတ်အေးလက်အေးနဲ့ အပန်းဖြေခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ကျွန်တော်ကတော့ မိသားစုနဲ့အတူ လှေခွင်းတောင်ခြေမှာရှိတဲ့ လှေခွင်းတောင် ကမ်းခြေနဲ့ ကျည်တောင်ရေဆိပ်တွေမှာ လာရောက်အပန်းဖြေတာဖြစ်ပါတယ်။ နောက်ရက်တွေမှာ တခြား လည်ပတ်လို့ကောင်းတဲ့နေရာတွေကို သွားရောက်လည်ပတ်အုံးမှာပါ။ မိတ်ဆွေတို့အနေနဲ့လည်း ဒီနှစ်သင်္ကြန်မှာ နေပြည်တော်ကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုပါတယ်”ဟုပြောသည်။
အလားတူနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌လည်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ ရေပက်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ မိသားစုလိုက် ရေပက်ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်း ဖြစ်သည်နှင့်အညီ နှစ်ဟောင်းများ အညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဉီးကိုတစ်ဉီး ကြည်နူးသိမ့်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုလည်းဖြစ်သည်။
သတင်း/ မျိုးဆက်သစ်
ဓာတ်ပုံ / ကိုကြီးကျော်