နေပြည်တော် ဖေဖော်ဝါရီ ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးက နိုင်ငံတော်ပိုင် အဆောက်အဦ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦ၊ ရုံးများကို သဘာဝဘေးအန္တရာယ်နှင့် ပေါ့ဆမီးများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံး တားဆီးကာကွယ်ပေးနိုင်ရန် မိမိတို့ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် မြန် ၃ မြန် (မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်သတ်) ဆိုသည့်အတိုင်း လိုက်နာကျင့်သုံးပြီးလျက်ရှိကြောင်း ပြောကြားပြီး ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရေးအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် နည်းလမ်းများ၊ အမြန်ဆုံး တားဆီးကာကွယ်နိုင်စေရေးအတွက် အသုံးပြုလျက်ရှိသည့် နည်းလမ်းများ၊ Systemများ၊ စောင့်ကြည့်ကင်မရာများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ မီးသတ်ဆေးဘူးများ ကောင်း/ မကောင်း စစ်ဆေးနည်းနှင့် အသုံးပြုနည်းများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြ လက်တွေ့သင်ကြားပေးခဲ့သည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများက သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်