နေပြည်တော် ဖေဖော်ဝါရီ ၁၄

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲတွင် သတင်းမီဒီယာများအား သတင်းရယူခွင့်ပြုနိုင်ရေး၊ ယခင်ဆောင်ရွက်ခဲ့သည့် သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲလမ်းညွှန် စာအုပ်ကို ပိုမိုပြည့်စုံစေရန် ညှိနှိုင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရေး အပါအဝင် သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့အတူ လာမည့်အထွေထွေရွေးကောက်ပွဲ၌ ကော်မရှင်နှင့်သတင်းမီဒီယာ ရင်းရင်းနှီးနှီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ကော်မရှင်ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် ပြောကြားလိုသည်များရှိပါက ကော်မရှင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် မေးမြန်းနိုင်သည်ကိုလည်း အသိပေးလို ကြောင်း၊ မီဒီယာများကို ရွေးကောက်ပွဲကာလသုံးပိုင်းလုံး၌ စနစ်တကျ သတင်းရယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ကော်မရှင် နှင့် သတင်းမီဒီယာကောင်စီတို့ညှိနှိုင်း၍ မီဒီယာလုပ်ငန်းလမ်းညွှန်ကို ထုတ်ပြန်ပေးရန် ဆန္ဒရှိပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် နာမည်ပျက်ခဲ့ရပါ ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် ယင်းကဲ့သို့ မဖြစ်စေရပါကြောင်း၊ တရားမျှတသော၊ ဥပဒေနှင့် ညီသောရွေးကောက်ပွဲ ဖြစ်စေရ မည်ဖြစ်ကြောင်း၊ ကော်မရှင်ချင်းတူသော်လည်း တာဝန်ယူ‌ဆောင်ရွက်သူချင်းကွဲပြားသည်ကို အာမခံလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအမှ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲများ ကျင်းပရာတွင် သတင်း မီဒီယာများ သတင်းရယူနိုင်ရေးနှင့်  မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားကြပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)