ရန်ကုန်  ဒီဇင်ဘာ ၂၂


မီးသွေးဖုတ်လုပ်ငန်းကို အပြောင်းအလဲဖြစ်စေနိုင်မည့် မီးသွေးကို စီးပွားဖြစ်ထုတ်လုပ်နိုင်သော စက်အမျိုးအစားတစ်မျိုးကို ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက တီထွင်ထုတ်လုပ်ကာ ရောင်းချနေကြောင်း စုံစမ်း မေးမြန်းချက်များအရ သိရသည်။


အဆိုပါစက်ကို ဦးကိုဦး ဆိုသည့် လုပ်ငန်းရှင်က တီထွင်ဖန်တီးရောင်းချနေခြင်းဖြစ်ကာ တစ်နိုင်တစ်ပိုင် မီးသွေးဖုတ်လုပ်ငန်းကို လုပ်ကိုင်နိုင်မည် ဖြစ်သည်။  လောင်စရာပစ္စည်း မည်သည့်ပစ္စည်းမဆို မီးသွေး အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရကာ ၁ဝ နာရီအတွင်း တစ်တန်ထွက်သော မီးသွေးဖုတ်ဖို အသေးစားကို မြန်မာ ငွေကျပ် ၂၅ သိန်းမှစ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။


"အလုပ်လုပ်ပုံအနေနဲ့ ဒီစက်က ဘယ်နေရာကပစ္စည်းကိုမဆို မီးသွေးဖြစ်အောင် လုပ်ပေးတယ်။ ထင်းတစ်ခုက မဟုတ်တော့ဘဲ လောင်စရာပစ္စည်းမှန်သမျှ မီးသွေးဖြစ်တယ်လေ။ မီးရှိလိုရတဲ့ ပစ္စည်းမှန်သမျှ သစ်ရွက်ခြောက်ကအစ ရတယ်” ဟု အဆိုပါစက်ကို ဖန်တီးသူ ဦးကိုဦးက ရှင်းလင်း ပြောကြားသည်။


၎င်းအနေဖြင့် စပါးခွံလောင်စာတောင့်သုံး Gasifier အမျိုးအစားကိုလည်း တီထွင်ထားပြီး စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ယင်းကပြောကြားကာ ဖန်တီးမှုများသည် ကိုယ်ပိုင်စဉ်းစား ကြံညာဏ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။


“ဘယ်ကိုမှ မှီငြမ်းမထားတော့ တိုက်ဆိုင်ရင်တောင် သပ်သပ်စီတွေပါပဲ" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အထက်ပါမီးသွေးစက်ကို ဝယ်ယူသူများလည်းရှိနေကြောင်း သိရသည်။

MT