တောင်ငူ ၉ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးအရှေ့ပိုင်းခရိုင်၊ မြန်မာနိုင်ငံဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HIV/AIDS) Myanmar Interfaith Network on AIDS (MINA) Toungoo လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက တောင်ငူမြို့၊ ရွှေနှင်းဆီ သွေးလှူရှင်ရုံးခန်းမ၌ကျင်းပရာ ဘာသာပေါင်းစုံတို့မှ ဦးဆောင်ဆရာများမှ ဆုတောင်းမေတ္တာပို့သကြပြီး အခမ်းအနားကိုဖွင့်လှစ်၍ (MINA) ရန်ကုန်မှ ဆရာမ ဒေါ်ခေါန်တောင်၊ ဆရာမ ဒေါ်ခင်ခင်ဝင်း၊ တောင်ငူခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဦးခင်လတ် တို့မှ (MINA) စတင်ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်ငူမြို့မှ ဝိသုဒ္ဓါရုံသိမ်ဥူးကျောင်းတိုက်၊ WON အမျိုးသမီးကွန်ရက်၊ စွမ်းအားသစ်အဖွဲ့၊ တောင်ငူကရင်အမျိုးသမီးအဖွဲ့၊ တောင်ငူခရစ်ယာန်အသင်းတော်များ ကောင်စီ၊ ကယ်တင်ခြင်းတပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊ တောင်ငူမြို့နယ်ဟိန္ဒူကောင်စီ၊ အစ္စလာမ်လူငယ်လူမှုကူညီရေးအဖွဲ့ စသည့် အဖွဲ့များမှ အဖွဲ့ဝင်များဖြင့် (MINA)တောင်ငူ အလုပ်အမှုဆောင် အဖွဲ့သစ်ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။
အဆိုပါအစည်းအဝေးမှ (MINA) ဖွဲ့စည်းခြင်း (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး တက်ရောက်လာကြသူများအားလုံးပါဝင်၍ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ကျော်လှ(တောင်ငူ)


