မြိတ် ၂၄ ဇူလိုင်
ကမ်းနီးငါးဖမ်းရေယာဉ်များ၏ စက်အင်အားနှင့် လှေအရွယ်အစား သတ်မှတ်ချက်ထက် ကျော်လွန်နေမှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဒေသခံရေလုပ်သားများပါဝင်သော ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၃ ရက် နံနက် ၉နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ သာကေတရပ်၊ ကမ်းနားလမ်း၊ သဲကွင်းအနီးရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။
ထို ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်တို့မှကမ်းနီးငါးဖမ်း ရေလုပ်သားများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြိတ်ခရိုင်အတွင်းမှ ရေလုပ်သားဦးရေ(၁၅၀)ဦး ကျော် တက်ရောက်ကြခဲ့ပြီး တက်ရောက်လာသော ရေလုပ်သားများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မိမိတို့လိုအပ်သော တောင်းဆိုချက်များကို ဆွေးဆွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှ ရရှိသော ရေလုပ်သားများ၏ အသံ၊ သဘောထား၊ ဆွေးနွေးချက်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပင်လယ်ပြင်အတွင်း လှိုင်းဒဏ်လေဒဏ် ခံနိုင်ရန် ကမ်းနီးလှေ အလျား ပေ (၅၀) အောက်နှင့် အင်ဂျင်ပါဝါမြင်းကောင်ရေ (၁၂၀) အောက်အထိ တိုးမြင့်ပေးရန် ကမ်းနီးလုပ်ငန်းရှင်အားလုံး တောင်းဆိုထားကြောင်း တက်ရောက်လာသည့် ရေလုပ်သားများထံမှ သိရသည်။
မြိတ်ခရိုင်လေးမြို့နယ် ရှိသည့်အနက် ကမ်နီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် မြို့နယ် (၃) မြို့နယ်တို့၌ ငါးလုပ်ငန်းဦးစီးဌာနမှ တရားဝင်လိုင်စင်ထုတ် ပေးထားသောလှေများမှာ မြိတ်မြို့နယ်တွင် (၈၃၁) စီး၊ ပုလောမြို့နယ်တွင် (၅၄၃) စီး၊ ကျွန်းစုမြို့နယ်တွင် (၂၄၄၅) စီး၊ စုစုပေါင်း လှေ(၃၈၁၉) စီးရှိကာ ယခုနှစ် ငါးမဖမ်းရရာသီတွင် ပင်လယ်ပြင်၌ လိုင်စင်မဲ့ ကမ်းနီးငါးဖမ်းလှေ(၉ ) စီးနှင့် ရေလုပ်သား (၃၃) ဦးတို့အား.ဖမ်းဆီးရမိပြီး မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)


