မြိတ် ဧပြီ ၉

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိကျေး ရွာပေါင်း (၇၂) ရွာတွင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်းပေါင်း ၇၂၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း ၇၂ ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးအောင်ကျော်ဉီးက ပြောကြားသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်ဟူသော မျှော်မှန်းချက်နှင့် အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကုန်ထုတ်လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေများ ထူထောင်ပေးခြင်းနှင့် ကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ထုတ်၍ အကောင် အထည်ဖော် ဆောင်ရွက်သောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများစသည့်ကဏ္ဍစုံမှာ အကောင်အထည် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မြိတ်ခရိုင်အတွင်းရှိကျေးရွာပေါင်း ၇၂ ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ၇၂ ခုအတွက် နိုင်ငံတော်မှကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၇၂၀၀ ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

 

မြိတ်ခရိုင်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာ ရေးနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ -၂၀၂၂(၆လ)ဘဏ္ဍာရေးနှစ် အထိ စီမံကိန်း ကျေးရွာပေါင်း ၁၅၄ ရွာ တွင် စီမံကိန်းလုပ်ငန်းပေါင်း ၁၅၄ ခုကို နိုင်ငံတော်ထောက်ပံ့ ငွေကျပ်(၁၄၄၄၀)သိန်း၊ ပြည်သူထည့်ဝင် ငွေကျပ် ၁၀၅၁ သိန်းအကုန်ကျခံဆောင်ရွက်ခဲ့​ရာ ကျေးရွာအတွင်း ကွန်ကရစ်လမ်း ၆၆ လမ်း(၃မိုင် ၁ ဒသမ၂၄ ဖာလုံ)၊ မြေသားလမ်း ၁၃ လမ်း (၂ မိုင်၎ ဒသမ ၄၈ ဖာလုံ)၊ ရေဆိပ်ဆင်းလမ်း ငါးလမ်း (၁ မိုင် ဝ ဖာလုံ)၊ ရေဆိပ်တံတား (၂၇)စင်း၊ ပေ(၂၇၀)၊ ကွန်ကရစ်တံတားသုံးခု၊ ပေ ၅၀၊ ရေရရှိရေးလုပ်ငန်း ၄၈ ခုနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၄ ခုတို့ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနမှ သိရသည်။

မြင့်ဉီး(မြိတ်)