မြိတ် ၊  ၂   ဒီဇင်ဘာ   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ဒုတိယအကြိမ် တင်ဒါခေါ်ယူခြင်းကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တင်ဒါလုပ်ငန်းရှင်များ က  ပွင့်လင်းမြင်သာစွာဖြင့် ပြုလုပ်ခဲ့သည်။

 

မြိတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၄၀၀၀ ကျော်ဖြင့် စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများတွင် လမ်း လုပ်ငန်း ၇၂ ခု၊  Box Culvert  ပြုပြင်တိုးချဲ့ခြင်းလုပ်ငန်း ၉၆ ခု၊ ရေပေးဝေရေးလုပ်ငန်း ငါးခု ၊ အခြား မြို့ပြစည်ပင်သာယာရေးလုပ်ငန်း ၄၂ ခု၊ မြို့သာယာလှပရေးလုပ်ငန်း ၅၁ ခု၊ သာမန်(အခြား) လုပ်ငန်း ၃၆ ခု တို့ကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်လှစ်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ပစ္စည်းတင်ဒါများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများဖြင့် ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)