မြိတ်  ၁၅  မေ  
    

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဝိုင်ဘီအေ ဗုဒ္ဓဘာသာလူငယ်များအသင်းမှကြီးမှူး၍ ဘုရားငါးဆူ ကွင်းအတွင်းတွင် နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၇၅)ကြိမ်မြောက်အဖြစ် ဒီပင်္ကရာမြတ်စွာဘုရားရုပ်ပွားတော် ရေသွန်းလောင်းပူဇော်ပွဲကို မေလ(၁၅)ရက်မှ(၁၉) ရက်အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပရန် ဘုရားငါးဆူကွင်း၌ ယာယီစံကျောင်းတော်တွင် ပူဇော်မည့် ဒီပင်္ကရာ မြတ်စွာဘုရား ရုပ်ပွားတော်အား မေလ(၁၅)ရက် နံနက်(၇)နာရီတွင် မြို့တွင်းသို့ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ကျင်းပခဲ့ကြသည်။
 

မြို့တွင်းလှည့်လည်ပူဇော်ရာတွင် မင်္ဂလာစည်တော်ယာဉ်၊  သာသနာ့အလံကိုင်အဖွဲ့၊ ဥပါသကာများ၊ ဓမ္မစြင်္ကာအဖွဲ့၊ ပွဲစံပွဲရံများ(မော်တော်ယာဉ်များ)ဖြင့် ခြံရံလျက် ရုပ်ပွားတော်အား ပြဿဒ်မော်တော်ယာဉ်တွင် ပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပူဇော်ရာ လမ်းတလျှောက် လမ်းဘေး ဝဲယာတွင် ပြည်သူ အပေါင်းတို့မှ ပန်း၊ ရေချမ်းများ၊ အမွေးနံ့သာ ကပ်လှူပူဇော်ခြင်း၊ အမွှေးနံ့သာရေများ လှူဒါန်းခြင်း ၊ သစ်သီးဆွမ်း ကပ်လှူခြင်း၊ အလှူငွေများ လှူဒါန်းခြင်းဖြင့် ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသည်။ 


ယခုနှစ်တွင် ထူးခြားစွာဖြင့် ကဆုန်ညောင်ရေသွန်းပွဲတော် (၇၅)ကြိမ်မြောက်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာ လူငယ် များအသင်းမှ ဆိုင်ကယ်(၃)စီးနှင့် အခြားဆုမဲများကို မေလ(၁၉)ရက် ည(၈)နာရီတွင် စေတနာရှင် အလှူရှင်များ၊ ဝေယျာဝစ္စကုသိုလ်ပြုသူများအား မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ရက်များအတွင်း ညပိုင်းများတွင် ဘုရားဖူးပြည်သူ များကို ဘုရားငါးဆူကွင်းအတွင်း၌ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာလူငယ်များအသင်း အတွင်းရေးမှူး ဦးမြင့်ဝေထံမှ သိရသည်။ 


ဒီပင်္ကရာမြတ်စွာဘုရား ရုပ်ပွားတော်မြတ်အား ဗုဒ္ဓဘာသာလူငယ်များအသင်းမှ မြို့တွင်းလှည့်လည် ပင့်ဆောင်အပူဇော်ခံပြီး ဘုရားငါးဆူကွင်းရှိ ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ကာ ငါးရက်တိုင်တိုင် ကြည်နူးချမ်းမြေ့စွာဖြင့် ကုသိုလ်ပြု အမွှေးနံ့သာများ၊ ရေများဖြင့် သွန်းလောင်းပူဇော်ကြမည်ဖြစ်သည်။ ပွဲတော်ရက်များအတွင်း ပြည်သူများက နှစ်စဉ်နှစ်တိုင်း မော်တော်ယာဉ်များတွင် ရေစည်များတွင် ရေများတင်ဆောင်၍ ဒီပင်္ကရာ ရုပ်ပွားတော်အား လာရောက်ရေသွန်းလောင်းပူဇော်ကြသည်။


 ထို့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်ရက်များအတွင်းတွင် မြိတ်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၊ စေတီ ပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာဖြင့် ပူဇော်ခြင်း၊ ရေသွန်းလောင်း၍ပူဇော်ခြင်း၊ စေတီများ၊ ဘုန်း တော်ကြီးကျောင်းများတွင် စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်များတွင်လည်း ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ပြည်သူများအနေဖြင့် မော်တော်ယာဉ်များဖြင့် ရေစည်များတင်ဆောင်ကြပြီး ရေသွန်းလောင်းပူဇော်ကြရာ စေတနာရှင်များက ရေလှူဒါန်း ကုသိုလ်ယူခြင်းဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော မြိတ်မြို့၏ ကဆုန်လ ညောင်ရေ သွန်းပွဲတော်သည် ကြည်နူးဖွယ်ရာ ဓလေ့တစ်ခု ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး (မြိတ်ပြန်/ဆက်)

 

1