မြိတ် ၃၀ သြဂုတ်
COVID - 19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် မြိတ်မြို့နယ်အတွင်းရှိ စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် အကျိုးဆောင် ဒေသခံတောင်သူ (၃၁) ဦးအား ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၂၈ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးစင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးခန့်က လာမဲ့မိုးစပါး စိုက်ရာသီမှာ မိုးစပါးများကို နည်းစနစ်တကျ စိုက်ပျိုးနိုင်စေဖို့အတွက် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် အသုံးပြုနိုင်ရေးအတွက် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးမည့် ဒေသခံ အကျိုးဆောင်တောင်သူများအား ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ပြီး တောင်သူများအနေဖြင့် ထောက်ပံ့ငွေများကို လက်တွေ့အကျိုးရှိရှိ အသုံးပြုရန်နှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တစ်ဧက စပါးထွက်ရှိမှာသာ မန်ထက် တစ်ဧကကို စပါးတင်း(၁၅/၂၀)တင်း ပိုမိုထွက်ရှိသောကြောင့် တောင်သူများအတွက် အကျိုးဖြစ်ထွန်း စေမှာဖြစ်၍ မျိုးစေ့ထုတ်မည့် တောင်သူအနေဖြင့် အောင်မြင်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးခန့်နှင့် တာဝန်ရှိသူများက ကိုဗစ်−၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မြိတ်မြို့နယ်အတွင်းရှိ ကလွင်၊ စန္ဒဝတ်၊ အင်္ဂမော်၊ မဇော၊ သဘွတ်၊ ပင်းအိုး စသည် ကျေးရွာ(၆)ရွာတို့မှ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူ(၃၁) ဦးတို့၏ လယ်ဧက(၁၇၀)ဧကတို့အတွက် စိုက်ပျိုး ဧကတစ်ဧကလျှင် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ဖိုးနှင့်လုပ်အားခ ငွေကျပ်(၁၄၈၅၀၀)နှုန်းဖြင့် ပထမအကြိမ်ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးခန့်၊ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ တို့မှ မိုးစပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ်လုပ်မည့် အကျိုးဆောင် တောင်သူ(၃၁)ဦး တက်ရောက်ခဲ့ကြသည်။
ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)


