မြိတ် သြဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မြစိမ်းကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာယူနစ်(၁၉)ယူနစ်၊ ကျေးရွာ (၂၄)ရွာအနက် ကျေးရွာ(၅)ရွာမှ ကျေးရွာကော်မတီဝင် များအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းပြုစုထိန်းသိမ်းနည်း သင်တန်းကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက တပ်ပြင်ရပ်ရှိ အဆိုပါဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ကျေးရွာကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများအား မပျောက်ပျက်အောင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ ရရှိတဲ့ချေးငွေများကို အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ပေးရန်နှင့် အတိုး/အရင်းများကို မပျက်မကွက် ပုံမှန်ပြန်ဆပ်ရန်၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သော ကျေးရွာ များတွင် စာရင်းဇယား အားနည်းချက်ရှိသည့်အတွက် ယခုလို မွမ်းမံသင်တန်းပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချသည်။
သင်တန်းတွင် ဝန်ဖို့၊ ပြင်းတောင်+တောင်ယာထဲ၊ စလွန်း+မင်းသန်း၊ ခုံမော်အရှေ့၊ သက္ကယ်ကျင်း စသည့်ကျေးရွာ (၅)တို့မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာကော်မတီဝင် (၁၅)ဦးတို့အား မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် စီမံကိန်းတာဝန်ခံ ဒေါ်ခင်သန့်ဇင်တို့က ငွေစာရင်းပြုစု ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် စာရင်းဇယားများ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အကြောင်းတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်ရက်ကြာ စာတွေ့၊ လက်တွေ့ပို့ပေးခဲ့ ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၂၄)ရွာ (၁၉)ယူနစ်ဖြင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ဖို့ကျေးရွာအား အသစ်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ခံ ဒေါ်ခင်သန့်ဇင်ထံမှ သိရသည်။
မြင့်ဦး(မြိတ်)