မြိတ်    ဇန်နဝါရီ   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှ  ပိုမိုအဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများ နှင့် စေတနာ ရှင် အလှူရှင်များ စုပေါင်းပြီး ဝယ်ယူထားရှိသည့် လူနာတင်ယာဉ် တစ်စီးကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မီးသတ်ဦးစီးဌာနသို့ လှူဒါန်းခဲ့ကြသည်။

 

မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတွင် ဌာနပိုင် လူနာတင်ယာဉ် တစ်စီးရှိပြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု များတွင် လူနာများသယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုရေးကူညီမှု လုပ်ငန်းများ၌ နေ့စဉ်အသုံးပြုလျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နေ့လျှင် သုံးကြိမ်မှ ခုနစ်ကြိမ်အထိ အသုံးပြုလျက်ရှိသည့်အတွက် ပြည်သူလူထုမှ လုပ်ငန်းများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ စေတနာရှင်များ စုပေါင်းပြီး လူနာတင်ယာဉ်တစ်စီးကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါလူနာတင်ယာဉ်ကို ပါရမီနာရေးကူညီမှုအသင်း၊ ကရုဏာနာရေးကူညီမှုအသင်း၊ ချမ်းမြေ့နာရေး ကူညီမှုအသင်း၊ နှလုံးလှဖောင်ဒေးရှင်းနှင့် စေတနာရှင်ပြည်သူများ စုပေါင်းပြီး ဝယ်ယူလှူဒါန်းခြင်း ဖြစ်ကာ လူနာတင်ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို စေတနာရှင်များက လွှဲပြောင်း လှူဒါန်းပေးအပ်ခဲ့ကြရာ ခရိုင်မီးသတ်ဦးစီးဌာနမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့သည်။ ထို့အတူ မြိတ်ခရိုင်မီးသတ် ဦးစီးဌာနတွင် မြို့မိမြို့ဖများနှင့် စေတနာရှင်များ လှူဒါန်းထားသည့် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်တွင် လိုအပ်လျက်ရှိသည့် ဘက်ထရီ နှစ်လုံးနှင့် ပြုပြင်မွမ်းမံကုန်ကျစရိတ်များ လှူဒါန်းပေးကြသည့် စေတနာရှင်များအား  ခရိုင်မီးသတ် ဦးစီးဌာနမှူး က ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)