မြိတ် ၂၈ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၁)ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၆၄၀၆)ကျော်ဖြင့် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း၊ အရောင်းအဝယ်လုပ်ငန်းများနှင့် ရေလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင် စီမံကိန်းကို မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၁) ရွာတို့တွင် လုပ်ငန်းများဆောင်ရွက်ရှိကြောင်း ၎င်းကပြောဆိုသည်။
"ဒီစီမံကိန်းချေးငွေနဲ့ မွေးမြူးရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပါတယ်။ အရင်က ဒေသဝက်ကိုပဲ တစ်ကောင်စနှစ်ကောင်စ မွေးမြူခဲ့တယ်။ အခုတော့ မြစိမ်းရောင်ချေးငွေရယူပြီးတော့ ထိုင်း cp ဝက် မျိုးကောင်းမျိုးသန့်တွေ ဝယ်ယူမွေးမြူလာနိုင်တဲ့အတွက် အကောင်အရေလည်း တိုးလာသလို ဝင်ငွေလည်း တိုးလာတဲ့အတွက် မိသားစုအတွက် အကူအညီအထောက်အပံ့တစ်ခု ရလာပါတယ်"ဟု နန်းတော်ရာ ကျေးရွာနေသူ ဦးကုလားက ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ ယူနစ်ပေါင်း(၁၆)ယူနစ်၊ အကျိုးပြုကျေးရွာပေါင်း (၂၁)ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံကိန်းမတည်ရန်ပုံငွေ ကျပ်သိန်း(၄၈၀ဝ)ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ယခုအခါ စီမံကိန်းမှ အတိုးရရှိမှု ငွေကျပ် (၁၆၀၆ ဒသမ ၆၈၆)သိန်းအထိ ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၆၄၀၆ ဒသမ ၆၈၆)သိန်းဖြင့် လုပ်ငန်းများ နှစ်စဉ်လည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၁)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ၌ ကျေးရွာတစ်ရွာလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေကျပ် သိန်း(၃၀ဝ)နှုန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု၊ အရောင်းအဝယ်နှင့် ရေလုပ်ငန်းများကို ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


