မြိတ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မြိတ် ၂၆ မေ

ကျောင်းနေအရွယ်ကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလှမ်းများရရှိပြီး ကျောင်းတက်/ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေး ရည်ရွယ်ချက်ဖြင့် မြိတ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက် ၉ နာရီက အ.ထ.က(၁)မြိတ် ပညာဗိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

8906

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရာတွင် KG တန်းကို ကျောင်းသုံးပုံနှိပ်(၁)စုံ၊ ပထမတန်းမှ စတုတ္ထတန်းထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (၁)စုံနှင့် ဗလာစာအုပ် (၁)ဒါဇင်စီ၊ ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံစီ အခမဲ့ပေးဝေမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

 

8909

 

ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား/ကျောင်းသူများက မြန်မာကျောင်းသီချင်းသီဆို ဖွင့်လှစ်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အမှာစကားပြောကြား၍ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးလင်းဦးနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်တို့က ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော အတန်းလိုက် ကျောင်းသုံးစာအုပ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။ မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း(၁၆)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၁၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၀)ကျောင်း၊ မူလတန်းကျောင်း (၇၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၉)ကျောင်း၊ ကိုယ်ပိုင်စာ သင်ကျောင်း (၂)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)