မြိတ်  ၂၃  သြဂုတ်

ပြည်သူများ နေ့စဉ် စားသောက် သုံးစွဲနေသော စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန မှ ဦးဆောင်၍ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ သြဂုတ်လ(၂၂)ရက်က   စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး အရောင်းဆိုင်များအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

“ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးတဲ့အခါ လက်လီဆိုင်များတွင် မုန့်တီဖတ်ထဲမှာ ဖော်မလင် (တာရှည်ခံဓာတ်ပစ္စည်း) ပါတာတွေ့ရတယ်။ ဒီအတွက် ပင်းရင်းကိုလိုက်ရှာပြီး ပင်ရင်းဆိုင်များသွား စစ်တဲ့အခါမှာ မြိတ်တောင်နယ်မြေ မြို့မ(၂)ရပ်ရှိ မိသားစုမုန့်တီတိုက်နှင့် အောင်မြင့်မြတ်မုန့်တီတို့တွင် ဖော်မလင်ပါတာ ထပ်တွေ့ ရတယ်။ လက်လီအရောင်းဆိုင်နှင့် ပင်ရင်းမှာတွေ့ရှိတဲ့ မုန့်တီဖတ် ပိဿာချိန်(၃၀) ကျော်ကို သိမ်းဆည်းပြီး ဖျက်ဆီးခဲ့ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။

ပြည်သူများ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ခွင့်မပြုဓာတုဆိုးဆေး၊ ဓာတုတာ ရှည်ခံဆေးများ သုံးစွဲထားမှုရှိမရှိ ၊ သက်တမ်းလွန်နှင့်တားမြစ် အလှသုံးကုန်များ၊ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အစားအသောက်များ ရှိမရှိကို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် သီဟဇေယျာ(မြို့သစ်ဈေး)နှင့် စားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန် အရောင်းဆိုင်များကို ရှောင်တခင် စားသောက်ကုန်များ ဝယ်ယူ စစ်ဆေးဆောင်ရွက်ရာ၌ မုန့်တီဖတ်ထဲမှ ဖော်မလင် (တာရှည်ခံဓာတ်ပစ္စည်း) သုံးစွဲထားရှိမှုနှင့် သုံးစွဲရန်မသင့် တားမြစ်အလှကုန်ပစ္စည်း(၆)မျိုး တွေ့ရှိခဲ့ပြီး သိမ်းဆည်းပညာပေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(မြိတ် ပြန်/ဆက်)