မြိတ်  ၃  ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒေသထွက် စက္ကူကုန်ကြမ်းများဖြင့် လူသုံးကုန်တစ်မျိုးဖြစ်သည့် တစ်ရှူးကုန်ချောအဖြစ် ကလွင်ကျေးရွာ    ငွေပုလဲရပ်ကွက် ငွေပုလဲစက်မှုဇုံတွင်   Sun Flower  တစ်ရှူးစက်ရုံဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

“ဒေသထွက်တဲ့ ကုန်ကြမ်းတွေကို ရန်ကုန်ပို့ရတဲ့အချိန်မှာ  အရောင်းအဝယ်လုပ်တော့ တစ်ရှူးထုတ် လုပ်ရင် ပိုပြီးကောင်းမယ်လို့ စိတ်ကူးနဲ့ လုပ်ဖြစ်တာပါ။ ကုန်ကြမ်းအနေနဲ့ မြိတ်ဒေသထွက်တဲ့ ကုန်ကြမ်းဝယ် တယ်။ ထားဝယ်ဘက်မှလည်းဝယ်ပါတယ်။ ဝယ်ပြီးတော့ ကုန်ကြမ်းကို လူသုံးကုန်ဖြစ်အောင် တစ်ရှူးထုတ်လုပ်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တော့ တော်တော်များများ အားပေးကြပါတယ်။ ဒါပေမယ့် လျှပ်စစ်အခက်အခဲကြောင့် ရန်ကုန်အရည်အသွေးကို  မမီနိုင်သေးပါဘူး။ မီနိုင်အောင်တော့ ကြိုးစားနေပါတယ်” ဟု တစ်ရှူးလုပ်ငန်း ရှင် ကိုမြတ်ဖြိုး က ပြောသည်။

 

ဒေသထွက် စက္ကူကုန်ကြမ်းမှ လူသုံးကုန်ဖြစ်အောင် တစ်ရှူးထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်  လျက်ရှိသည်မှာ (၆)နှစ်ခန့်ရှိပြီဖြစ်ပြီး  ကုန်ချောများ ထုတ်လုပ်ရာတွင် မှာယူသူများ၏ လိုအပ်သည့် ပုံစံများ ထုတ်လုပ်ပေးလျက်ရှိသည်။ အဓိကထုတ်လုပ်ရာတွင် တစ်ရှူးလိပ်(၃)မျိုးရှိပြီး တစ်နေ့လျှင် တစ်ရှူးလိပ်(၁၂၀၀၀)လိပ်၊ အဆွဲ (၁၂၀၀)ခန့်ထုတ်လုပ်လျက်ရှိ၍ ဈေးကွက်တွင်(၁၂)လိပ်တစ်ဆွဲလျှင် (၉၅၀၀)ကျပ်နှင့် (၁၀၅၀၀)ကျပ်ဖြင့် ထုတ်လုပ် ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

 

 “ကိုဗစ်ကာလမှာ အခက်အခဲ တော်တော်ဖြစ်သွားပါတယ်။ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ ပိတ်လိုက်တော့ တစ်ရှူးအရောင်းအဝယ် လုံးဝရပ်တန့်သွားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်မှ ကိုဗစ်ချေးငွေ ချပေးတဲ့အတွက် ကုန်ကြမ်းတွေဝယ်ပြီး ပြန်လည်ပတ်နိုင်တယ်။ အလုပ်သမားတွေကိုလည်း အလုပ်ပေးထားနိုင်ပါတယ်။ အဲဒီအတွက် နိုင်ငံတော်ကိုကျေးဇူးတင်ပါတယ်” ဟု  တစ်ရှူးလုပ်ငန်းရှင်က ထပ်လောင်းပြောကြားသည်။

 

ဒေသထွက် စက္ကူကုန်ကြမ်းမှ  တစ်ရှူးထုတ်လုပ်လျက်ရှိသည့် Sun Flower တစ်ရှူးစက်ရုံသည် မြိတ်မြို့ တွင် တစ်ခုတည်းသာရှိပြီး ဒေသလိုအပ်ချက် နှင့် ဈေးကွက်ရှိသည့်အတွက် အလားအလာကောင်းသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ အဆိုပါစက်ရုံသည် ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ဥပဒေအရ အကြီးစား စက်မှုမှတ်ပုံတင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ်  ပြန်/ဆက်)