မြိတ်   ၁၅  စက်တင်ဘာ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၁၄) ရက်တွင် ကိုဗစ်-၁၉  ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၂)ဦးအား မြိတ်ပြည်သူ့ဆေးရုံ သီးခြားလူနာဆောင်၌ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ကိုဗစ်-၁၉  ရောဂါပိုးစစ်ဆေးတွေ့ရှိသူ(၂)ဦးသည်  မင်္ဂလာတောင်ညွန့်မြို့နယ်မှ စက်တင်ဘာလ(၃)ရက် နေ့တွင် မြိတ်မြို့သို့ ပြန်လာကြကြောင်း၊ ၄င်းတို့နှစ်ဦးထိတွေ့ခဲ့သူ ရောဂါပိုးတွေ့ရှိကြောင်း သတင်းရရှိ၍ သက် ဆိုင်ရာသို့ စက်တင်ဘာလ(၁၂)ရက်က သတင်းပို့ ဆက်သွယ်ကာ Quarantine ဝင်ရောက်၍ ဓာတ်ခွဲနမူနာရယူခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

မြိတ်မြို့မှာ အရင်ကဆိုရင် Mask တပ်တာ တော်တော်လေးကိုနည်းပါတယ်။ ဒီလိုဖြစ်သွားတော့ အသိစိတ်လည်း ရသွားတယ်။ အရင်က တခြားနေရာမှာဖြစ်နေတာပဲ ငါတို့နဲ့မဆိုင်သေးဘူးဆိုတဲ့ စိတ်ကနေ အခုကတော်တော်ကြီးကို အသိစိတ်ရသွားတော့ လမ်းမှာမလိုအပ်ပဲ မထွက်ကြတော့ဘူး။ အလုပ်လုပ်တဲ့သူတွေ ထွက်သင့်တဲ့လူကလွဲရင် မထွက်တော့ဘူး။ ဈေးတွေမှာဆိုလည်း နည်းပါး သွားတယ်။ လူတွေအကုန်လုံးလည်း ဆင်ဆင်ခြင်ခြင် ဖြစ်သွားတယ်။ ဒါလည်း ကောင်းတဲ့ အချက် ပေါ့နော်။ ရပ်ကွက်တွေမှာ ညနေတိုင်း ဆရာမတွေက အသံချဲ့ စက်နဲ့ ပညာပေး ဆက်လက် ဆောင်ရွက်နေပါတယ်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်ကိုအောင် က ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၂)ဦးသည် ရန်ကုန်မြို့မှ မြိတ်မြို့သို့ စက်တင်ဘာလ(၃)ရက်နေ့ တွင် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူများဖြစ်ကြသဖြင့် ၄င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့ သူများကို Quarantine စခန်းနှင့် Stay at Home နေထိုင်စေလျက်ရှိကာ သက်ဆိုင်ရာမှ ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ရော ကိုယ်ကိုယ်တိုင်ရောဂါကာကွယ်တဲ့ အနေနဲ့ရော အိမ် ထဲမှာပဲနေပေးကြပါ။ အပြင်ထွက်တိုင်း Mask ကို စနစ်တကျတပ်ပေးကြပါ။ အပြင်ကပြန်လာပြီး ဆိုတာနဲ့ လက် ကို စနစ်တကျသေချာဆေး၊ အဝတ်အစားတွေကိုလည်း သေသေချာချာလျှော်ဖွတ်ပြီး ရေချိုးပြီးတော့မှပဲ မိသားစု နဲ့ ထိတွေ့ဆက်ဆံပါလို့ အကြံပြုချင်ပါတယ်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက အကြံပြုစကား ဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၂)ဦးမှာ အသက်(၆၁)နှစ်အရွယ် အမျိုးသားနှင့် (၅၈)နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြကာ ၄င်းတို့နေထိုင်သည့် အိမ်ကို အသွားအလာကန့်သတ်ထားရှိကာ နေအိမ် ပတ်ဝန်းကျင်ကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်လျက်ရှိပြီး  ၄င်းတို့နေထိုင်သည့် လမ်းနေ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။