မြိတ် ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရေး၊ လျှပ်စစ်ကဏ္ဍတိုးတက်ရေး၊ ညပိုင်းအချိန်များတွင် သွားလာလျက်ရှိသည့် ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကျပ် ၂၄၇၅ သိန်းဖြင့် လမ်းမကြီး(၃)လမ်းတွင် နှစ်လုံးတွဲ LED လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ ဇန်နဝါရီ ၁၂ ရက် ညပိုင်းမှစတင်ကာ မီးတိုင်များတွင် လျှပ်စစ်မီးစတင်အသုံးပြုခဲ့ရာ လမ်းမကြီးတစ်လျှောက်လုံး လင်းထိန်ခဲ့သည်။
နှစ်လုံးတွဲ LED လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၂၄၇၅ သိန်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး မီးတိုင်အမျိုးအစားမှာ Double Arm Icon Pole အမျိုးအစား သံတိုင်ဖြစ်ကာ (၉)မီတာ အမြင့်ရှိ၍ LED မီး 150 W (အဝါရောင်) တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါလုပ်ငန်းကို Grace Light ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
လမ်းလယ်မီးတိုင်များကို မြိတ်မြို့ ရှမ်းချောင်းလမ်းမကြီး (တောရကျောင်းလမ်းဆုံမှ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် လမ်းဆုံထိ) မီးတိုင်(၇၀)တိုင်နှင့် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြို့သစ် လမ်းမကြီးတစ်လျှောက် (မြို့သစ်တံတားထိပ်လမ်းဆုံမှ စန်းသီရိလမ်းဆုံ၊ စန်းသီရိလမ်းဆုံမှ ဘုရားကိုင်လမ်းဆုံထိ) မီးတိုင် (၃၆)တိုင် စုစုပေါင်း(၁၀၆)တိုင်ကို စိုက်ထူဆောင်ရွက်ထားရှိပြီး နှစ်လုံးတွဲ LED လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ အဆိုပါလမ်းမကြီး (၃)ခုတွင် လျှပ်စစ်မီးလင်းထိန်စွာဖြင့် ပြည်သူများ သွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


