မြိတ် ၂၀ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသော မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ မေလ(၁၈)ရက်က လျှပ်စစ်သုံးစွဲသူပြည်သူများအား မီတာယူနစ်များနှင့် ပတ်သက်၍ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်ရုံးတွင် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် အိမ်သုံး မီတာများ၏ ခြားနားချက်များ၊ လျှပ်စစ်ယူနစ်တက်ရပုံအကြောင်း၊ မီတာလည်ပတ်ပုံမှန်မမှန်အား စိစစ်မှု၊ လိုင်းပြုပြင်ထိန်းသိမ်းရေး နှင့်ပတ်သက်၍ လျှပ်စစ်မီးမကြာခဏ ဖြတ်တောက်ရခြင်း၊ လိုင်းကြိုး အသစ်လဲလှယ်ရခြင်းနှင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများကို မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီမှ ရှင်းလင်းပြောကြားခဲ့ပြီး လျှပ်စစ်သုံးစွဲသူပြည်သူများမှ သိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ရှင်းလင်းဆွေးနွေးပွဲကို မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ဆောင် ရွက်ရာတွင် ယခင်က ဗို့အားတည်ငြိမ်ပြည့်ဝမှုမရှိသည့်အတွက် သုံးစွဲသည့်မီတာယူနစ် မတက်ခြင်းဖြစ်ပေါ်ပြီး ယခုအခါ ဗို့အားတည်ငြိမ်ပြည့်ဝမှုရှိလာသည့်အတွက် အမှန်တကယ် သုံးစွဲယူနစ်အတိုင်း ဖြစ်ပေါ်ခဲ့သဖြင့် ယခင်ကထက် သုံးစွဲယူနစ်များနေသည်ဟု ပြည်သူများထင်မြင်နေမှုအား အသိပေးရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ ဒုတိယ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ဒေသခံပြည်သူများ၊ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်တို့မှ တာဝန်ရှိသူများ၊ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )