မြိတ် ၁၄ စက်တင်ဘာ
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့တွင် ပင်လယ်ဒေသ မူးယစ်အန္တရာယ် စုပေါင်းအဖြေရှာမယ် စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလ(၁၃)ရက်က Green Eye Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ တိုင်းဒေသကြီး တရားဉပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင် ဦးစဧရာဝင်း၊ မြိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာမှ ဦးဖိုးဇော် နှင့် Moderator ဦးစံငွေ တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
“မူးယစ်ဆေးဝါးတွေ တစ်နေ့တစ်ခြားများပြားလာတာနဲ့ပတ်သက်လို့ ဝင်ရောက်ရာလမ်းကြောင်းကို ဒီထက်ပိုပြီးထိရောက်စွာ ဟန့်တားနိုင်ဖို့အရေးကို သက်ဆိုင်ရာနဲ့ ဆက်သွယ်ပြီးတော့ ဆွေးနွေးပါမယ်။ ပင်လယ်ပြင်အတွင်းမှာ ရေလုပ်သားထုအတွင်းမှာ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးစေဖို့အတွက်လည်း သက်ဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေကို တွေ့ဆုံဆက်သွယ်ပြီးတော့ လုပ်သားထုအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအရှိန် လျော့ပါးစေရေးဦးစားပေးဆောင်ရွက်သွားပါ့မယ်” ဟု မြိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။
ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လူထုအသံ ဗီဒီယိုမှတ်တမ်းပြသ၍ ပင်လယ်ဒေသ မူးယစ်အန္တရာယ် စုပေါင်းအဖြေရှာမယ် စကားဝိုင်း ဆွေးနွေးပွဲကို ဦးဆောင်သူ(၅)ဦးဖြင့် စတင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
“မူးယစ်ဆေးဝါးပိုပြီးတော့ပေါလာတယ်ဆိုပြီးတော့ ပြည်သူတွေအကြားမှာ ကိုယ်စားလှယ်တွေကိုလည်း တိုင်ကြားတာတွေအများကြီးရှိတယ်။ ဖြစ်စဉ်ပြန်ကြည့်တဲ့အခါမှာ မူးယစ်ဆေးဝါးဖမ်း နေတာတွေလည်းရှိတယ်။ သို့သော် နှစ်အလိုက်ဖမ်းဆီးမှု ပြန်ကြည့်တဲ့အချိန်မှာလည်း အမှုတွေပိုများလာတာတော့မဟုတ်။ ဒါပေမယ့် တကယ့်မြေပြင်အခြေအနေမှာတော့ မူးယစ်ဆေးဝါးက ပေါလာပါတယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။
ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အားနည်းချက်များ၊ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုများမှ ရရှိလာနိုင်သည့်အကျိုးကျေးဇူးများ၊ ဖမ်းဆီးအရေးယူ ဆောင်ရွက်ရာတွင် ထိရောက်စွာအရေး ယူဆောင်ရွက်နိုင်ရေး လိုအပ်ချက်ရှိနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သတင်းပေးသည့်အတိုင်း စုံစမ်းဖော်ထုတ်လုပ်ဆောင်နေမှု အခြေအနေများ၊ ပြန်လည်လွတ် မြောက်လာသူများအား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေမှုအခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရန် တာဝန်ရှိသူများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
“ဒီနေ့လုပ်တဲ့ ဆွေးနွေးပွဲက အင်မတန်မှ အနာဂတ်အတွက် မျှော်လင့်လို့ရတဲ့အနေအထား တစ်ခုလို့ မြင်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ရှေ့ကိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့အကြံဉာဏ် တွေကို ဆွေးနွေးပွဲမှာရရှိလာတာတွေ့ရပါတယ်။ အရမ်းကောင်းတဲ့ဆွေးနွေးပွဲ တစ်ခုလို့မြင်ပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ဒေါ်မူယာအေးက ဆိုသည်။
စကားဝိုင်းဆွေးနွေးပွဲမှ လိုအပ်ချက်တစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ရန် မြိတ်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဒေသအနှံ့အပြား၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


