မြိတ် ၂၉ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တနင်္သာရီတောင်ပိုင်းပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အစီအစဉ်ဖြင့် Run For Tiger လူထုလှုပ်ရှားမှု အပျော်တမ်း မီနီမာရသွန် အပြေးပြိုင်ပွဲကို ဇွန်လ(၂၉)ရက် နံနက် ၆ နာရီခွဲက အားကစားနှင့်ကာယပညာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်(၃၅၀)ဦးခန့် တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“ မီနီမာရသွန်ပြိုင်ပွဲကို ဇီဝမျိုးကွဲတွေ ကျေးရွာ/မြို့ပေါ်နေ တိုင်းရင်းသား ပြည်သူအားလုံး ထိန်းသိမ်း ရေးလုပ်ငန်းကို ပိုမိုသိရှိလာစေရန်၊ ဇီဝမျိုးကွဲတွေကို တတ်နိုင်သလောက်ထိန်းပြီးတော့ တောတောင်ရေမြေရဲ့ သဘာဝဂေဟပြန်လည်တိုးတက်ကောင်းမွန်လာစေရန်၊ ဌာနေတိုင်းရင်းသားနှင့်ပြည်သူလူထုများက ကျားထိန်း သိမ်းရေးလုပ်ငန်းများကို ပိုမိုသိရှိပြီး ဝိုင်းဝန်းထိန်းသိမ်းရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်” ဟု အပြည်ပြည် ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ မန်နေဂျာ ဦးဖီးလစ်မြသိန်း က ပြောသည်။
ပြိုင်ပွဲမစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က အမှာစကားပြောကြားပြီး အပြည်ပြည် ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ မန်နေဂျာက ဦးဖီးလစ်မြသိန်း က ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ ပြိုင်ပွဲစတင်ရာ မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က ခရာတွတ်၍ တာလွတ်ပေးခဲ့သည်။ မီနီမာရသွန်ပြိုင်ပွဲကို မြို့မအားကစားကွင်းစုရပ်မှ စတင်၍ အထက(၁) ကျောင်းလမ်း၊ ပိတောက်လမ်း၊ အရာရှိရိပ်သာလမ်း၊ ပိတောက်ပင်လမ်းဆုံမှ ကန်ဖျားလမ်းမကြီး တစ်လျှောက် မြို့မအားကစားကွင်းတွင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် မြို့မအားကစားကွင်းတွင် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာပေးပြ သပေးမှုအား ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များက လေ့လာမှတ်သားခဲ့ကြပြီး ဉာဏ်စမ်းမေးခွန်းကို စိတ်ပါဝင်စားစွာ ဖြေဆိုခဲ့ကြပြီး ဝင်ရောက်ဖြေဆိုသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထိုနောက် မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၀)ဦး ကို နှစ်သိမ်ဆုများ၊ ပထမ၊ ဒုတိယ၊ တတိယဆုရ အမျိုးသား အမျိုးသမီးများကို ဆုတံဆိပ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


