မြိတ်  ၁၈  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ ကျန်းမာရေးစစ်ဆေးကုသပေးလျက်ရှိသည့် ပြည်သူ့ ဆေးရုံ၏ အထူးကုပြင်ပလူနာဌာနအား စက်တင်ဘာ(၁၇)ရက်၌ မြန်မာနိုင်ငံဆရာဝန်များအသင်း(မြိတ်)ရုံးသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်၍ ပြည်သူ့များအား ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိသည့်အတိုင်း စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

Fever Clinic(ဖျားနာကုဆေးခန်း)ကို သီးခြားလူနာဆောင်(တိုးချဲ့ဆောင်)မှာ ဖွင့်လှစ်ထားရှိပါတယ်။ ယခု သီးခြားလူနာဆောင်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများထားရှိမှာဖြစ်တဲ့အတွက် ပြည်သူများ ကိုဗစ်-၁၉ ပိုး တွေ့ရှိ လူနာရှိရင် လာမပြရဲမှာစိုးလို့ နေရာပြောင်းလိုက်တာပါ။ Fever Clinic ကို အထူးကုပြင်ပ လူနာဌာနမှာထားပြီး အထူးကုပြင်ပလူနာဌာနကို မြန်မာနိုင်ငံဆရာဝန်များအသင်း(မြိတ်)ရုံးသို့ ပြောင်းလိုက်တာဖြစ်ပါတယ်။ အဓိကတော့ Fever Clinic ကို ရွေ့ချင်လို့ပါ။ Fever Clinic ကို ဆေးရုံထဲမှာရှိရမှာဖြစ်တဲ့အတွက် အခုကာလက စိတ်ပူနေတဲ့ အချိန်မို့ Fever Clinic ကို ဆေးရုံထဲမှာထားပြီး အထူးကုလူနာဌာနကို ပြောင်းလိုက်တာပါ။ လောလောဆယ်အခြေ အနေက ကိုဗစ်လူနာတွေ အာရုံစိုက်နေချိန် တခြားရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းများသွားမှာစိုးလို့ အထူးကု ပြင်ပလူနာဌာနကို ပိတ်လို့မရသေးဘူး။ ဒါကြောင့်နေရာပြောင်းလဲဖွင့်တာဖြစ်ပါတယ် ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ပြောသည်။

 

မြန်မာနိုင်ငံဆရာဝန်များအသင်း(မြိတ်)ရုံးသို့  ယာယီပြောင်းရွေ့ဖွင့်လှစ်ခဲ့သည့်  အထူးကုပြင်ပ လူနာဌာနကို ယခင်ပြည်သူ့ဆေးရုံတွင် စမ်းသပ်စစ်ဆေးကုသပေးသည့် အချိန်ဇယားအတိုင်း ရောဂါဝေဒနာများကို ပြည်သူ များအား စမ်းသပ်စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း၊ Fever Clinic(ဖျားနာကုဆေးခန်း)ကိုလည်း ပိတ်ရက် မရှိ ယခင်အတိုင်း စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ်ပြန်/ဆက်)