မိတ္ထီလာ ၆ ဇွန်
မိတ္ထီလာမြို ့နယ် သံဘိုကျေးရွာအုပ်စု တဲလှကျေးရွာတွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့် အားလုံးချမ်းသာ အနန္တမေတ္တာချောင်းကူးတံတားဖွင့်ပွဲအား ဇွန်၆နံနက် ၈နာရီက ကျင်းပကြောင်း သိရသည်။
“တဲလှကျေးရွာမှာ အခုဖွင့်လှစ်တဲ့ အနန္တမေတ္တာ ချောင်းကူးတံတားကို တဲလှဆရာတော်ကြီး ဦးကုသလဦးဆောင်မှုနဲ့ အများစုပေါင်း လှူဒါန်းပါဝင်ငွေ၊ လုပ်အားဒါနတွေနဲ့ ဆောက်လုပ်တာပါ။ တံတားအရှည်၇၅ ပေ ၊ အကျယ် ၁၅ ပေ ၊ အမြင့် ၁၈ ပေ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ဆောက်လုပ်တဲ့လုပ်အားခ မပါဘဲ တန်ဖိုးငွေကျပ် ၂၄၀ သိန်း ဖြစ်ပါတယ် ”ဟု တဲလှကျေးရွာချောင်းကူးတံတား ဆောက်လုပ်ရေးကော်မတီဝင် ဦးတင်ဝင်း က ပြောသည်။
တဲလှကျေးရွာ ချောင်းကူးတံတားအား ဧပြီလအတွင်းက စတင်ဆောက်လုပ်ခဲ့ပြီး တဲလှဆရာတော်ကြီး၏ ဒါယကာဒါယိကာမများနေထိုင်သည့် သံဘို၊ လက်ပံအိုင့်၊ ဆူးရစ်တန်း ၊ နဘဲကုန်း၊ ရေငံ၊ ဥယျာဉ်၊ ကမ္ဘားတဲ စသည့် ကျေးရွာများမှ ဒေသခံများ ၊ ရပ်နီးရပ်ဝေးမှစေတနာရှင်များ၏ လုပ်အားဒါနများနှင့် လှူဒါန်းငွေများဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခြင်းဖြစ်သည်။ အဆိုပါ ချောင်းကူးတံတား ဆောက်လုပ်ပြီးစီးခြင်းကြောင့် တဲလှကျေးရွာဒေသခံများအနေဖြင့် မြို ့ပေါ်ဒေသနှင့် ရပ်နီးရပ်ဝေးဒေသများသို့ ကျေးရွာထွက်သီးနှံတင်ပို့ရောင်းချရေး၊ ပညာရေး၊လူမှုရေး၊ ကျန်းမာရေး ကိစ္စများဆောင်ရွက်ရန် သွားလာရသည့် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ထက် ပိုမိုကောင်းမွန်တိုးတက်ပြီဖြစ်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)