မိတ္ထီလာ ၂၃ စက်တင်ဘာ
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံ အထူးရောဂါကုသဆောင်တွင် စက်တင်ဘာလ ၉ ရက်နေ့ညက စတင်ပြီး ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၄ဦးမှာ ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ရက်ကာလ ပြည့်သောကြောင့် ယနေ့နံနက် ၉နာရီ ၃ဝ မိနစ်အချိန်က ၎င်းတို့အား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
“ဆေးရုံတက်တာ ၁၄ ရက်ပြည့်တာကတော့ မနေ့က ကတည်းက ပြည့်တာပါ။ စိတ်ချရအောင်လို့ ဒီနေ့မနက်ပိုင်းမှာ ဆင်းခွင့်ပြုတာပါ။ အခုနောက်ပိုင်းသတ်မှတ်ချက်က ၁ဝ ရက်က နေ ၁၁ ရက်ပြည့်လို့ ကျန်းမာရေး ကောင်းမွန်ရင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာက ဆေးရုံဆင်းခွင့်မှာ ဆိုပေမယ့် ပိုပြီးစိတ်ချရအောင် ၁၄ ရက်ပြည့်ပြီးမှ ဆင်းခွင့်ပြုတဲ့ သဘောဖြစ်ပါတယ်။လူနာ ၄ ဦးစလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်။ သူတို့အနေနဲ့ Home Quarantine ၇ ရက်ဆက်လက်နေ့ထိုင်ရမှာ ဖြစ်ပါတယ်။ အိမ်မှာ သတ်မှတ် ၇ ရက်နေ့ထိုင်စဉ်မှာလည်း ဆင်ခြင်နေထိုင်ရမယ့် စည်းကမ်းချက်တွေကိုလည်း ရှင်းပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ဆေးဝါးများနဲ့ ပံ့ပိုးကူညီမှုများကိုလည်း ဆေးရုံအနေနဲ့ ဆောင်ရွက် ပေးလိုက်ပါတယ်ဟု ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာညွန့်စိန်က ပြောသည်။
အဆိုပါ ဆေးရုံမှဆင်းခွင့်ရသည့် လူနာ ၄ ဦးအတွက် ဒေသခံစေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ပံ့ပိုးကူညီငွေကျပ် ၁၄ သိန်းကျော်နှင့် အမှတ်တရ လက်ဆောင်များကို ပရဟိတ အသင်းအဖွဲ့များ၊ ပရဟိတ လုပ်ငန်းဆောင်ရွက်သူ ဒေသခံများက တာဝန်ရှိသူများမှတဆင့် ဝိုင်းဝန်း ထောက်ပံ့ ပေးအပ်သည်။
၎င်းလူနာ ၄ ဦးမှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ မိတ္ထီလာသို့ ပြန်လာသူမိသားစုဝင် ၃ ဦးနှင့် ရခိုင်ဒေသမှ မိတ္ထီလာသို့ပြန်လာသူယာဉ်မောင်းအမျိုးသားတစ်ဦးတို့ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအဖြစ် မိတ္ထီလာဆေးရုံကြီး၌ ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာ၍ ယခုကဲ့သို့ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)