မိတ္ထီလာ၊ ဇူလိုင် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍  မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၅၀)နှင့် ကျေးရွာလူထု ထည့်ဝင်ရန်ပုံငွေတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ပေါက်ပင်သာ၊ လဲတော၊ ဆည်ရွာ၊ သက္ကယ်ကျင်း၊ မုန်ပင်ဆည်၊ ကံဦးစံပြ၊  ကျိတ်ပုလဲ၊ ကြာကန်၊ ကုက္ကိုပင်၊ ဆည်ကုန်းကျေးရွာများနှင့် မလှိုင်မြို့နယ်တွင် ကံရွာ၊ ပျူကန်၊ သြဇာခြံ၊ နှောကန်၊ ဆည်ခွဲ၊ ဝါးကျွန်ကန်(န)၊ လက်ပံဇောက်၊ ကံစွယ်ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် ရွှေလှံ(တ)၊ သနပ်ကန်၊ ဂုဏ်ညင်းနွယ်၊ ကြာဘက်ကုန်း၊ ကျီတိုင်ကုန်း(တ)၊ အောင်မြင်သာ၊ မြို့မ၊ ညောင်အိုင်ကျေးရွာများနှင့် ဝမ်းတွင်းမြို့နယ်တွင် ရွှေဂံ၊ ထီးလှိုင်(န)၊ ရာသင်္ချာ၊ ဆားတောင်၊ တောင်ဘို၊ ကျွဲတပ်ကျေးရွာများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)