မိတ္ထီလာ၊ သြဂုတ် ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၂၇၀၀ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာရှိ အိမ်ထောင်စု၊ ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူနှင့် စိုက်ဧကများအပေါ်လိုက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာတွင် ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူ ၁၀၀ အထက်ရှိသည့် ကျေးရွာ ၆ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးသွားမည်ဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ ၅၀ နှင့် ၁၀၀ ကြားရှိ ကျေးရွာတစ်ရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၂၀၀ ထုတ်ချေးသွားမည်ဖြစ်သည်။ ၎င်းအပြင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ ၅၀ အောက်ရှိ ကျေးရွာ ၇ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စီမံကိန်းကျေးရွာများမှ ဒေသခံတောင်သူများက ဆီထွက်သီးနှံဖြစ်သည့် နေကြာကို အဓိက စိုက်ပျိုးသွားမည်ဖြစ်ပြီး မြေပဲ၊ နှမ်းနှင့် အခြားဆီထွက် သီးနှံများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)