မိတ္ထီလာ  ၂၆  ဩဂုတ်

 

နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော  မိတ္ထီလာမြို သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိဘဲ ရိုးရာ အစဉ်အလာအတိုင်း စေတီတော်အား အနေကဇာတင် မင်္ဂလာ ပူဇော်ပူခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  လှေဦးတိုက်ပူဇော်ခြင်းတို့သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

 

“မနှစ်က ၁၃၆ ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ် (၁၃၇)ကြိမ်မြောက် ဘုရားပွဲတော်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ကျင်းပပြုလုပ်နိုင်မှာမဟုတ်တော့ပါဘူး။ တော်သလင်း လဆန်း ၈ ရက်နေ့မှာ စေတီတော်ကို အနေကဇာတင်မင်္ဂလာတင်ပူဇော်တာ၊ သံဃာတော်များကို ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုဆက်ကပ် လှူဒါန်းပူဇော်တာနဲ့ ဘုရားကို ရိုးရာအစဉ်အလာအတိုင်း ရန်ကင်းမောင်၊ ကြံတိုင်းအောင် လှေနှစ်စီးလှော်ခတ်ပြီး လှေဦးတိုက်ပူဇော်တာမျိုးပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမိုင်းဝင်ဖောင်တော်ဦး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။

 

မိတ္ထီလာမြို့သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်တော်သလင်းလဆန်း ၈ ရက်မှ တော်သလင်းလပြည့်ကျော် ၂ ရက်အထိ ဆွမ်းသပိတ်လောင်းလှူပွဲ ၊ မြန်မာ့ရိုးရာလှေပြိုင်ပွဲ ၊ ပျော်ပွဲ ရွှင်ပွဲများ၊ ဘုရားပွဲဈေးတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)