မိတ္ထီလာ ၂၂ သြဂုတ်
မိတ္ထီလာမြို့တွင် (၁၃၆)ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေးကို ယနေ့ နံနက် ၁ဝ နာရီက ခရိုင်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နှစ်စဉ်ကျင်းပမြဲဖြစ်သော မိတ္ထီလာမြို့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော်၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအလိုက် ဆွေးနွေးတင်ပြစေလိုကြောင်း၊ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရာတွင် စေတီတော် ဘဏ္ဍာငွေရရှိရေးအတွက် လိုအပ်သကဲ့သို့ ပွဲတော်လုံခြုံရေးသည်လည်း အဓိကအရေးကြီးကြောင်း၊ သက်ဆိုင်ရာ ကော်မတီများ၊ မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့တို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပွဲတော်ကျင်းပရေး ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မိတ္ထီလာမြို့ (၁၃၆)ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ (တော်သလင်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက်နေ့ အထိ) ဆွမ်းသပိတ် လောင်းလှူပွဲ၊ လှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်ခန်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


