မိတ္ထီလာ  ၇   ဇူလိုင်

 

 

မိတ္ထီလာမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ် ထံမှ သိရသည် ။

 

 

“မကြာခင် ပြန်လည်လှုပ်ရှား အသက်ဝင် ဖွင့်လှစ်တော့မယ့် မိတ္ထီလာမြို့နယ် အတွင်းက အခြေခံပညာ အထက်တန်း အဆင့်ကျောင်းများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနဲ့အညီ ပြင်ဆင်ဆောင်ရွက်ဖို့ ညွှန်ကြားပြီးဖြစ်သလို ကျောင်းများမှာလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။

 

 

ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်စင်ခန်းတွေ ပြင်ဆင်ဖို့၊ ကျောင်းပတ်ဝန်းကျင်နဲ့ စာသင်ခန်းတွေမှာ ပိုးသတ်ဆေးဖျန်းခြင်းတွေ ကြိုတင်ဆောင်ရွက်ဖို့၊ လက်ဆေးစင်တွေကို ကျောင်းစာသင်ခန်းတွေရှေ့မှာ ထားရှိပေးဖို့၊ ကျောင်းဖွင့်ချိန်မှာ ကိုယ်အပူချိန် တိုင်းတာ ဆောင်ရွက်ဖို့ စတဲ့ အချက် ၁၈ ချက်ဝင်တဲ့     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနဲ့အညီ       အခြေခံပညာ အထက်တန်းအဆင့် ကျောင်းတွေမှာ  ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ် က ပြောသည် ။

 

 

မိတ္ထီလာမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၁၆ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁၂ ကျောင်း ၊ စုစုပေါင်း အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၂၈ ကျောင်း ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ကျောင်းတက်ချိန်များကိုလည်း နှစ်ပိုင်းခွဲ၍   သတ်မှတ်ဦးရေအလိုက် တက်ရောက်စေခြင်း၊ တစ်ပတ်ခြား၍ တက်ရောက်စေခြင်း စသည် သင့်လျော်မည့် နည်းလမ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

မိတ္ထီလာမြို့နယ်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများနည်းတူ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအပ်လက်ခံခြင်းအား လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ချမ်းသာ(မိတ္ထီလာ)