မိတ္ထီလာ  ၂၃   မေ   


    
မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ်စုနှင့် ဂဠုန်ကုန်းကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မုန်တိုင်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် နတ်စင်တံတားအား အလှူရှင်မှ ငွေကျပ် သိန်း(၂၀ဝ)ကျော်အကုန်အကျခံ၍   ပြန်လည်ပြုပြင်တည်ဆောက်လျှက်ရှိရာ ယခုဆိုလျှင် တံတားတည် ဆောက်ပြီးစီး၍ ဒေသခံများ ရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

နတ

    

 


ကျောက်ဖြူကုန်းကျေးရွာအုပ်စုနှင့် ဂဠုန်ကုန်းကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ မုန်တိုင်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် အရပ်ခေါ် နတ်စင်တံတားသည် ကျေးရွာ(၈)ရွာမှ ဒေသခံများသည် ၎င်း နတ်စင်တံတားကို နေ့စဉ် နေ့ ည မပြတ် ဖြတ်သန်းသွားလာနေသည့် တံတား(၄)စင်းအနက် ဒုတိယမြောက် တံတားဖြစ်သည်။ 

 

အဆိုပါ နတ်စင်တံတားမှာ နှစ်ကာလကြာမြင့်သဖြင့် တံတားကြမ်းခင်းသစ်သားများ ကျိုးပဲ့ ပျက်စီးခြင်း၊ တံတား၏ ဘေး ဘယ် ညာ အကာအရံများ မရှိခြင်းများကြောင့် အများပြည်သူများ သွားလာရာ၌ အန္တရာယ်ရှိလာနိုင်သဖြင့် ၎င်းတံတားအား ကျောက်ဖြူကုန်းကျေးရွာမှ ဗိုလ်ကြီးသောင်းမြင့်(ငြိမ်း)မိသားစုမှ အရှည် အလျား ပေ(၈၀)၊ အနံ (၁၅)ပေရှိ သစ်သားတံတားကို ဧပြီလ ၂၁ ရက်နေ့မှ စတင်၍  ပြန်လည်ပြုပြင်လျှက်ရှိသည်။ ထို့သို့ တံတားကို ပြန်လည်ပြုပြင်ရာတွင်  တံတားကြံခိုင်မှု ပိုမိုကောင်းစေရန် မူလဒေါက်တိုင်များနှင့်အတူ အမြင့်(၁၄)ပေ၊ နှစ်ပေပတ်လည် ဒေါက်တိုင် (၄)တိုင် ထပ်မံ ထည့်သွင်းဆောင်ရွက်ခြင်းနှင့် တံတားကြမ်းခင်းများ၊ တံတားအကာအရံများအား ယခင်အသုံးပြုထားသည့် သစ်သားအစား တံတားရေရှည်အသုံးပြုနိုင်စေရန်အတွက် သံထည် (Steel Structure)များဖြင့် တည်ဆောက် ထားခြင်းဖြစ်ကြောင်းနှင့် ဒေသခံများ (၂၄)နာရီ သွားလာရအဆင်ပြေစေရန် တံတားပေါ်တွင် အလင်းရောင်ရရှိ စေရန် (၁၃)ပေအမြင့်ရှိ ဆိုလာမီးတိုင်(၄)တိုင် ဆက်လက်စိုက်ထူးပေးသွားမည်ဖြစ်ကြောင်း  တံတားအလှူရှင်ဖြစ်သူ ဗိုလ်ကြီးသောင်းမြင့်(ငြိမ်း)က ပြောကြား ခဲ့သည်။

 


အဆိုပါ တံတားပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးပါက ကျောက်ဖြူကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျောက်ဖြူကုန်း၊ အုတ်နှဲဘုတ်၊ အင်းပက်လက်ကျေးရွာများနှင့် ဂဠုန်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ရှင်မြို့၊ လက်ပံ့ခါးကော့၊ ရွာမ၊ ဂဠုန်ကုန်း၊ အုတ်မြေကန်ကျေးရွာများမှ ဒေသခံများ နေ့စဉ် နေ့ ည မပြတ် အဆင်ပြေစွာ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။    


                            

သိန်းမြင့်ကျော်(မိတ္ထီလာ)