မိတ္ထီလာ ၂၂ မေ
မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ(၃၄)ရွာ လျှပ်စစ်မီးလင်းနိုင်ရေး 33/11KV, 10 MVA ညောင်မြင့် ဓာတ်အားခွဲရုံ စတင်တည်ဆောက်လျက်ရှိကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ညောင်မြင့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၃၄)ရွာ လျှပ်စစ်မီးလင်း နိုင်စေရန်အတွက် Asia General Electric Co.,Ltd. မှ တာဝန်ယူပြီး မတ်လ ၁၉ ရက်နေ့မှ စတင်၍ ညောင်မြင့် ကျေးရွာအနီး၌ 33/11KV, 10MVA ဓာတ်အားခွဲရုံ စတင်တည်ဆောက်လျက်ရှိသည်။

၎င်းဓါတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းပြီးစီးပါက မိတ္ထီလာမြို့နယ် အရှေ့ဘက်ခြမ်းရှိ ညောင်မြင့်ကျေးရွာအုပ်စု၊ ရွှေပန်းတိုင်ကျေးရွာအုပ်စု၊ ခင်တဲကျေးရွာအုပ်စု၊ မောက်လောက်ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်မည်ဖြစ်သည့်အပြင် မြို့ပေါ် (၁၄) ရပ်ကွက်သို့ ဓာတ်အားပေးနေသည့် ဓာတ်အားခွဲရုံအား ဝန်အားမျှတသွားမည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)