မိတ္ထီလာ ၂၉ သြဂုတ်
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ စီးပွားရေးတွက်ချေကိုက်ပြီး ပိုးမွှား ဒဏ်ခံနိုင်၍ ရာသီဥတုနှင့် ကိုက်ညီသည့် ဝါသီးနှံမျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရေချိုကျေးရွာ တွင် ချည်မျှင်ရှည်ဝါ ရွှေတောင်-၈ ရွှေတောင်-၁၀ ငွေချည်-၁၁ ဝါမျိုးများကို ရေချိုကျေးရွာ ကွင်းအမှတ်-၅၃၄ ဦးပိုင်အမှတ်-၁၃ တောင်သူဦးတင်ငွေ၏ စိုက်ဧကတစ်ဧကတွင် ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းဖြင့် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ မိမိတို့ စိတ်တိုင်းကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးပွား၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ချည်မျှင် ရှည်ဝါမျိုး ပိုမိုစိုက်ပျိုးလာခြင်းဖြင့် ထွက်ရှိလာသော ကုန်ကြမ်းများကို နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိစေရန်တို့ဖြင့်သည်။ ၎င်းအပြင် ချည်မျှင်ရှည်ဝါကို မိမိတို့ စိတ်တိုင်းကျ စိုက်ပျိုးထုတ်လုပ် ခြင်းဖြင့် ဒေသခံတောင်သူများ ကိုယ်တိုင်အထွက်တိုးသည့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ထုတ်လုပ်နိုင်စေရန် တို့အတွက် ယခုလို ချည်မျှင်ရှည်ဝါ ရွှေတောင်-၈ ရွှေတောင်-၁၀ ငွေချည်-၁၁ ဝါမျိုးများကို ယှဉ်ပြိုင် စမ်းသပ် စိုက်ပျိုးခြင်းဖြင့်ကြောင်း ”မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါအထူးဇုံအဖြစ် လှည်းပွဲကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) အထူးဇုံ ဧက ၅၀ နှင့် ရေချိုကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀ )အထူးဇုံ ဧက ၅၀ တို့ကို ဇူလိုင်လ ပထမပါတ်မှ စတင်စိုက်ပျိုးထားရှိရာ အထူးဇုံစိုက်ပျိုးသည့် ဝါစိုက်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကလျှင် ဓာတ်မြေသြဇာတစ်အိတ်၊ လူးနယ်ဆေးနှင့် ဝါမျိုးစေ့ (၃)ပိဿာတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


