မိတ္ထီလာ ၁၃ သြဂုတ်
မိတ္ထီလာမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများထံ ထုတ်ချေးပေး ထားသည့် China Exin Bank ချေးငွေအနက်မှ အသင်းဝင်များ၏ စုဆောင်းထည့်ငွေမှ ရရှိသည့် အတိုးရငွေ ကျပ် သိန်း ၈၆၀ ကျော်အား အသင်းဝင်များထံသို့ ပြန်လည်ပေးအပ်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရာမှ တိုးချဲ့လုပ်ကိုင်နိုင်ပြီး ငွေဝင်များရရှိ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ China Exim Bank ချေးငွေများကို မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများရှိ အသင်းဝင်များအား ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးပေးရာတွင် လည်း မြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ကိုင်သော အခြေခံသမဝါယမအသင်း(၁၃၂)မှ အသင်းဝင် တောင်သူ(၁၂၈၄၈)ဦးအား China Exim Bank က အမေရိကန်ဒေါ်လာသန်း(၄၀၀)မှ (၁၃)ကြိမ်မြောက် ပံ့ပိုးချေးငွေ (၈၈၈၀.၂၇၈) သိန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိ ထုတ်ချေးပေးခဲ့ပြီး ပြန်လည် ပေးဆပ်ပြီးသည့် အသင်းဝင်များ၏ စုဆောင်းငွေ (၁၁၅၉၃.၂၀၀)သိန်းအပေါ် အတိုးရရှိသော ငွေကျပ် (၈၆၉.၄၉၀)သိန်းအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းနှင့် သမဝါယမအသင်းစုများမှ တာဝန်ရှိသူ များက ကျေးရွာအရောက် အသင်းဝင်များထံသို့ ကွင်းဆင်း၍ သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း အပြီးပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေးနုနုလှိုင်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)