မိတ္ထီလာ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ်သန်း ၆၃ ဒသမ ၁၆၀ ဖြင့် မြို့နယ်အတွင်းရှိ ဆပ်ပြာကျင်း ကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာ၊ ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာနှင့် မြင်းကန်ကျေးရွာအုပ်စု ဆင်စလွယ်ကျေးရွာတို့တွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Four G Co.,Ltd. က တာဝန်ယူ၍ နိုဝင်ဘာ ၁၈ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ခြေ ၁၁၀၊ လူဦးရေ ၄၉၅ ဦးရှိသည့် ဖိုးမိုးကြီးကုန်းကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၇၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ ၊ အမြင့် ၇ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင်အိမ်ခြေ ၈၂ ၊ လူဦးရေ ၄၀၀ ရှိသည့် ဆင်စလွယ်ကျေးရွာတွင် အကျယ် ၄ လက်မ ၊ အနက် ပေ ၄၀၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ ၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အိမ်ခြေ ၈၀ ၊ လူဦးရေ ၄၁၄ ဦးရှိသည့် ဆပ်ပြာကျင်းကျေးရွာတွင် အကျယ် ၄ လက်မ ၊ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဆပ်ပြာကျင်းကျေးရွာ၊ ဆင်စလွယ် ကျေးရွာနှင့် ဖိုးမိုးကြီးကုန်း ကျေးရွာတို့ရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေအတွက် ယခင်ကထက် ပိုမို အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


