မိတ္ထီလာ ၁၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၂)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိတ္ထီလာမြို့နယ်၌ ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၂)ကျောင်းတို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
အဆင့်တိုးမြှင့်ဖွင့်ခဲ့သည့် ကျောင်းများမှာ ဖက်တောကျေးရွာနှင့် ဂွေ့အောင်ကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များမှ အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ဇရပ်ကုန်းကျေးရွာ၊ သဖန်းပင်ရိုးကျေးရွာများရှိ အခြေခံပညာ အလယ်တန်းကျောင်းများကို အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ အခြေခံပညာ အလယ်တန်းကျောင်းခွဲများဖြစ်သည့် ရှမ်းမငယ်၊ ကန်သာ၊ မြာရေဝေကျေးရွာများမှ ကျောင်းများကို အခြေခံပညာအလယ်တန်းကျောင်းများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် လိန်တောကျေးရွာ အခြေခံပညာ မူလွန်းကျောင်းကို အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
ထို့ပြင် ခင်သာကျေးရွာနှင့် အနောက်ကန်ကျေးရွာများမှ အခြေခံပညာ မူလတန်းကျောင်းများအား အခြေခံပညာ မူလွန်ကျောင်းအဖြစ်လည်းကောင်း၊ မကျီးကန်နှင့် ကျောက်အိုးကျေးရွာများမှ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)များကို အခြေခံပညာ မူလတန်းကျောင်းအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်း(၁၂)ကျောင်းကို အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


