မိတ္ထီလာ ၁ ဇူလိုင် 


မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် နည်းပညာသင်တန်း (ဒုတိယအကြိမ်)ကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က အောင်မင်္ဂလာခန်းမတွင် ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာ ယုယုမေ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာ စိုးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအသီးသီးမှ ဘွဲ့ရပညာတတ်များ လိုအပ်သလို ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ကိုလည်း ပိုမိုအလေးထား ဆောင်ရွက်ဖို့ လိုအပ်လျက် ရှိတာကို တွေ့မြင်သိရှိလာကြပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာဖြစ်သည့် စက်ချုပ်နည်းပညာရပ်ဆိုတာ လူတန်းစားမရွေး ၊ နေရာဒေသမရွေး မရှိမဖြစ်လိုအပ်သည့်တွက် အဆင့်မြင့် ပညာရေးကို အကြောင်း အမျိုးမျိုးကြောင့် ဆက်လက်မသင်ယူနိုင်သူများအတွက် စက်ချုပညာရပ်ကို  တက်မြောက်ပါက အိုးမကွာ အိမ်မကွာ စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်ခြင်းကြောင့် မိမိနှင့်တကွ မိသားစုစားဝတ်နေရေးအတွက် အထိုက်အလျောက် အဆင်ပြေခြင်း၊ အိမ်ရဲ့စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီနိုင်ခြင်းနှင့် မိမိတို့ရဲ့လူမှုစီးပွားဘဝ နယ်ပယ်မှာ လက်တွေ့အသုံးချနိုင်တဲ့ အခွင့်အလမ်းကောင်တွေ ရရှိလာမှာ ဖြစ်တဲ့အတွက် အခြေခံစက်ချုပ်နည်း ပညာသင်တန်းများ နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက သင်တန်းဖွင့်လှစ်ပို့ချမည် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြစ်သား၊ ဝမ်းတွင်း၊ စစ်ကိုင်၊ သပိတ်ကျင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ စဥ့်ကူး၊ မတ္တရာမြို့နယ်များ သင်တန်းသူ (၂၅)ဦးအား ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)