မိတ္ထီလာ ၁၈ သြဂုတ်
မိတ္ထီလာမြို့နယ်၌ Cash For Work အစီအစဉ်ဖြင့် ချောင်းကောက်ဆည်ရေသောက်စနစ်မှာရှှိသော လယ်ကြားမြောင်းများကို ရေအသုံးချသူများက ပြန်လည်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများကို ကွက်ငယ် ကျေးရွာ ကွင်းအမှတ် ၁၀၈၄၊ ၁၀၈၅ ရှိ ရေပေးမြောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာမှ ရေသောက်တောင်သူများနှင့် ရေအသုံးချသူအဖွဲ့များအား ကိုဗစ်-၁၉ ကာလ စီးပွားရေးအခက်အခဲမရှိစေရန် Cash For Work အစီအစဉ်ဖြင့် ချောင်းကောက်ဆည် ရေသောက် စနစ်မှာရှိတဲ့ လက်ဝဲမြောင်းမကြီးရှိ အမှတ်(၁၂) ရေပေးမြောင်းအား သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၇ ရက်မှ စတင်၍ အရှည် ၂၁၆၅ ပေ၊ အနက် ၂ ပေ၊ အောက်ခြေအကျယ် တစ်ပေခွဲ၊ ထိပ်ဝအကျယ် ခုနစ်ပေခွဲ တူးဖော်ခြင်းကို ရေသောက်တောင်သူများနှင့် ရေအသုံးချသူအဖွဲ့များမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရေပေးမြောင်းများ ပြန်လည်တူးဖော်ခြင်းအားဖြင့် ချောင်းကောက်ဆည် ရေသောက် စနစ်မှာရှိတဲ့ လက်ဝဲမြောင်းမကြီးရှိ အမှတ်(၁၂) ရေပေးမြောင်းမှ အကျိုးပြုစိုက်ပျိုးရေပေးဝေနိုင်သည့် ဧက ၁၂၀ အပြင် ဧက ၂၀၀ အထိ တိုးချဲ့စိုက်ပျိုးသွားနိုင်မည်ဖြစ်သည်။ ၎င်းအပြင် ရေသောက်တောင်သူများနှင့် ရေအသုံးချသူအဖွဲ့များမှာလည်း အလုပ်အကိုင်အခွင့်အလှမ်းများရရှိ၍ ဝင်ငွေလည်းရရှိကြပြီး ကိုဗစ်-၁၉ ကာလ စီးပွားရေးအခက်အခဲကိုလည်း တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်စေခဲ့ကြောင်း ချောင်းကောက်ဆည်ရေသောက်စနစ် ရေပေးမြောင်းတူးဖော်ရေးတာဝန်ခံ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သွယ်သွယ်ခိုင်ထံမှ သိရသည်။
စိုက်ပျိုးရေးအတွက် ရေရယူရာတွင် အဆင်ပြေပြီး အခက်အခဲမရှိစေရန် ရေပေးမြောင်းများ ပြန်လည် တူးဖော်ပြုပြင်နိုင်ရန် မြို့နယ်အတွင်းရှိ ဆည်ကန်များရှိ ရေသောက်စနစ်များမှာရှိတဲ့ ရေပေးမြောင်းအလိုက် ရေသောက်တောင်သူများပါဝင်တဲ့ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထားရာရှိမှ ချောင်းကောက်ဆည် ရေသောက်စနစ်ဖြင့် ကျေးရွာ ၄၁ ရွာမှ အကျိုးပြုစိုက်ပျိုးဧက ၄၆၄၉ ဧကတွင် ရေအသုံးချသူအဖွဲ့ (၁၀၁)ဖွဲ့ရှိရာ ၎င်းရေအသုံးချသူအဖွဲ့များအား စီးပွားရေးအဆင်ပြေစေရန် နိုင်ငံတော်မှ Cash For Work အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)