မိတ္ထီလာ ၃ ဇူလိုင်

 

မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် 33/11KV, 10MVA ညောင်မြင့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် (၁၁)ကေဗွီ ဓာတ်အားလိုင်း (၅)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံမှ သိရသည်။

 

မိတ္ထီလာမြိုနယ်အတွင်းရှိ ကျေးရွာတိုင်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် လည်းကောင်း၊ Public Finance Initiative (PFI)စနစ်ဖြင့် လည်းကောင်း၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၈ အုပ်စု ကျေးရွာ(၃၈၀)ရှိသည့်အနက် ကျေးရွာပေါင်း (၂၃၆)ရွာ မီးလင်းပြီးဖြစ်၍ ကျန်ရှိသည့် ကျေးရွာများကိုလည်း မီးလင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် JICA အစီအစဉ်ဖြင့်   ညောင်မြင့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်စေရန် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြီးကြပ်၍ Asia General Electric Co:Ltdမှ တာဝန်ယူပြီး မတ်လ ၁၉ ရက်နေ့က စတင်၍ ညောင်မြင့် ကျေးရွာအနီးတွင် 33/11KV,10MVA ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်လျက်ရှိရာ ၎င်း 33/11KV,10MVA ညောင်မြင့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်သည်။

 

ယင်းသို့  ညောင်မြင့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်စေရေးအတွက် 33/11KV,10MVA ညောင်မြင့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် (၁၁) ကေဗွီဓာတ်အားလိုင်း (၅)မိုင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တိုက်တန်းကန်တော်ကြီး ကုမ္ပဏီကတာဝန်ယူ၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောသည်။

 

အဆိုပါလုပ်ငန်းပြီးစီးပါက မိတ္ထီလာမြို့နယ် အရှေ့ဘက်ခြမ်းရှိ ညောင်မြင့်၊ ကံကြီး၊ ကွက်ငယ်၊ ရွှေပန်းတိုင်၊ ခင်တဲ၊ ကန်တောင်၊ မြာ၊ လှည်းပွဲ၊ ဝါးရုံ၊ ကုက္ကိုကုန်းကျေးရွာအတွင်းရှိ ကျေးရွာ(၃၄)ရွာ လျှပ်စစ်မီးလင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)