မိတ္ထီလာ ၆ မေ 

မိတ္ထီလာမြို့နယ်၌ လျှပ်စစ်မီးလင်းရန် ကျန်ရှိသည့်ကျေးရွာ (၂၁၀) အနက် ကျေးရွာ (၁၅၀) လျှပ်စစ်မီးလင်းနိုင်ရေး ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု (၅၈)အုပ်စု၊ ကျေးရွာပေါင်း (၃၈၀)ရွာ ရှိသည့်အနက် ကျေးရွာ (၁၇၀)ကို လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသည့်ကျေးရွာ (၂၁၀)ကိုလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လည်းကောင်း၊ Public Finance Initiative (PFI) စနစ်ဖြင့် လည်းကောင်း၊  အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)စနစ်ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လည်းကောင်း အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၁၅၀)အနက်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာ(၁၃)ရွာ၊ ယခင် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် 11KV လိုင်းနှင့် ထရန်စဖော်မာများ တပ်ဆင်ထားပြီးဖြစ်သော်လည်း ကျေးရွာအတွင်း ၄၀ဝ ဗို့ ဓာတ်အားလိုင်း တည်ဆောက်နေဆဲကျေးရွာ (၁၃)ရွာ၊ Public Finance Initiative (PFI) စနစ်ဖြင့် ကျေးရွာ (၉၂)ရွာ၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)စနစ်ဖြင့်  ကျေးရွာ (၂၈)ရွာနှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာ(၄)ရွာ စုစုပေါင်းကျေးရွာ(၁၅၀)ကို လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းနောက် 11 KV ဓာတ်အားလိုင်းနှင့် (၂)မိုင်အပြင်ဘက်ရှိ လျှပ်စစ်မီးလင်းနိုင်ရန် ကျန်ရှိသည့် ကျေးရွာ (၆၀)ကိုလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောသည်။ 
 
သိန်းမြင့်ကျော်(မိတ္ထီလာ)