မိတ္ထီလာ ၁၄ ဇူလိုင်
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ် နေသည့် ကျေးရွာ (၇)ရွာတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဦးစီးဌာန၏ (မူလ+မွမ်းမံ)ရန်ပုံငွေကျပ် (၁၃၇ ဒသမ ၃၈) သန်းဖြင့် စက်ရေတွင်းများ တူးဖော်ပေးဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျေးရွာများ၌ နွေရာသီတွင် သောက်သုံးရေအခက်အခဲမရှိစေရန် မြေသား ရေကန်များနှင့် စက်ရေတွင်းများ တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (မူလ+မွမ်းမံ) ရန်ပုံငွေကျပ် (၁၃၇ ဒသမ ၃၈)သန်းဖြင့် ဇန်နဝါရီလ ပထမပတ်မှ စတင်၍ စက်ရေတွင်းများတူးဖော် ဆောင်ရွက်ပေးရာတွင် ဂွေးချိုကျေးရွာတွင် အကျယ် ၄ လက်မ၊ အနက်ပေ ၇၀၀ ရှိ စက်ရေတွင်းနှင့် ညောင်ပင်လှ၊ ဖလံကျင်း၊ မကျီးကုန်း၊ အိုင့်ကျေးရွာများတွင် အကျယ် ၄ လက်မ အနက်ပေ ၄၀၀ ရှိ စက်ရေ တွင်းများ တူးဖော်ခြင်းနှင့်အတူ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မြင်တော်ကန်ကျေးရွာတွင် ၄ လက်မ၊ အနက် ပေ ၅၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆည်ကုန်းကျေးရွာတွင် အကျယ် ၃ လက်မ၊ အနက် ပေ ၇၀ ရှိ စက်ရေတွင်း (၅)တွင်း တူးဖော်ခြင်း၊ ရေစက်ရုံ ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ အဆိုပါစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


