မိတ္ထီလာ ၂၉  ဇွန် 

 

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ပညာသင်နှစ် ဆေးခန်းဆိုင်ရာပညာရပ်များအသင်း၏ လက်တွေ့ကွင်းဆင်းလေ့လာရေးအဖွဲ့မှ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံများမွေးမြူထားသည့် တိရစ္ဆာန်များကို ဆေးကုသပေးခြင်း၊ စစ်တမ်းများကောက်ယူခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆေးကုရေးပညာရှင်တွေကို နှစ်စဉ် နှစ်တိုင်းမွေးထုတ်ပေး လျက်ရှိ ကြောင်း၊ ဒီလိုမွေးထုတ်ပေးသည့်နေရာမှာ မွေးမြူရေးပညာရှင်တွေအနေနှင့် လေးနှစ်သင်တန်းကို တက်ရောက်ရပြီး ဆေးကုသရေးပညာရှင်များက ခြောက်နှစ်သင်တန်းတက်ရောက်ရပါကြောင်း၊   မိတ္ထီလာမြို့နယ်သို့လာရောက်သည့် ကျောင်းသားကျောင်းသူများမှာ ဆေးကုသရေးသင်တန်းမှ ပဉ္စမနှစ်ကျောင်းသားကျောင်းသူများဖြစ်ပြီး မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တွင် စာတွေ့လက်တွေ့ဆောင်ရွက်လျက်ရှိရာမှ ယခုမိတ္ထီလာမြို့သို့ လာရောက်ရခြင်းမှာ မြို့နယ်အတွင်းရှိ ဒေသခံများမွေးမြူးထားသည့် ကျွဲနွားတိရစ္ဆာန်များကို ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးရန်   လာရောက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် စာတွေ့နှင့် လက်တွေ့နှစ်ခုပေါင်းစပ်ပြီး ဒေသခံတောင်သူများ၏ ကျွဲနွားတိရစ္ဆာန်များ၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသည့်ရည်ရွယ်ချက်ဖြင့် လာရောက် ရခြင်းဖြစ်ကြောင်း မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ အဖွဲ့ခေါင်းဆောင် ဒုတိယပါမောက္ခချုပ်(စီမံ)မှ ပါမောက္ခ ဒေါက်တာ စောပိုပိုက ပြောကြားခဲ့သည်။

 

ဒီရွာမှာ မွေးမြူးထာသည့် နွား၊ ဆိတ်၊ ဝက်များတွင် ရောဂါဖြစ်ပွားသည့် လက္ခဏာမတွေ့ရသည့်အတွက် နွားများ၊ ဝက်များကို  သံချဆေးထိုးပေးခြင်း၊ အစားအစာ ပိုမိုစားစေရန်အတွက် အားဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်လျက်ရှိပြီး ဝက်များနှင့် ပတ်သက်သည့် ဒေတာအချက်အလက်များ၊ ဆိတ်များနှင့် ပတ်သက်သည့် ဒေတာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိ သည်။ ထို့နောက် ညပိုင်းတွင် ဒေသခံတောင်သူလယ်သမားများ မွေးမြူးထားသည့် တိရစ္ဆာန်များနှင့် ပတ်သက်သည့် အသိပညာဟောပြောခြင်းများကို ကျောင်းသားကျောင်းသူများက လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း မုန်တိုင်ကျေးရွာအုပ်စုတွင် ကွင်းဆင်း၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့်အဖွဲ့တာဝန်ခံက ပြောကြားခဲ့သည်။

 

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ပညာသင်နှစ် ဆေးခန်းဆိုင်ရာပညာရပ်များအသင်း၏ လက်တွေ့ကွင်းဆင်းလေ့လာရေးအဖွဲ့သည် ကြီးကြပ်သူ ၂၅ ဦး နှင့် ကျောင်းသားကျောင်းသူ (၁၁၀)ဦးတို့မှ အုပ်စု(၉)စုဖြင့် မြို့နယ်အတွင်းရှိ ညောင်ကိုင်း၊ညောင်မြင့်၊မင်းရွာ၊ ဆည်ကုန်း၊မုန်တိုင်၊ရှမ်းမငယ်၊ ရေဝေ၊မွေ၊ သရက်ပင်ကျေးရွာကို ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်များအား ကျန်းမာရေး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)