မိတ္ထီလာ၊  ဇန်နဝါရီ  ၆

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာ ကာလ၌  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှုတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက် ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကွက်ငယ်၊ သရက်ကန်၊ ညောင်ပင်သာ၊ လက်ပံ့အိုင့် (အနောက်) ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာ၏လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်းခြင်း လုပ်ငန်းများကို နိုင်ငံတော်မတည်ငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူကျေးရွာသားများ၏ ထည့်ဝင်ငွေတို့ဖြင့် အရှည် ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၆၄)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)