မိတ္ထီလာ ၂၇ ဇွန်
    

မိတ္ထီလာမြို့၊  မြို့မရပ်ကွက်၌ ဝိသာခါအဖွဲ့မှ ဦးဆောင်၍ (၃၂)ကြိမ်မြောက် သီလရှင်အပါး (၃၂၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန် ၂၆ ရက်က ဆုတောင်းပြည့် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
    

ရှေးဦးစွာ မိတ္ထီလာမြို့ မြတ်နိုးပီတိ နာယကဆရာတော် ဦးပညိန္ဒြိယက သြဝါဒ မိန့်ကြားပြီး အလှူရှင်များက ဝိသာခါအသင်းကြီးသို့ ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဝိသာခါ အသင်းကြီးသို့ ငွေပဒေသာပင် စိုက်ထူလှူဒါန်းသည့် အလှူရှင်များအား အသင်းကြီးမှ တာဝန်ရှိသူများက ဂုဏ်ပြမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး နာယကဆရာမကြီး ဒေါ်ခင်မှီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


ထို့နောက်  ဆုတောင်းပြည့် သာသနာ့ဗိမာန်ရှေ့တွင် သာသနာ့နွယ်ဝင် သီလရှင်ဘက်စုံ လှူဒါန်းရေးနှင့် လူမှုကူညီရေးအသင်း ဝိသာခါအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ မြို့နယ်အတွင်းရှိ ရွှေကျောင်းတိုက်၊ ဝမ်းတော်ပြည့်၊ သဖန်းစံပြ၊ ကံသစ်၊ တပ်ဦးတောရ၊ မဟာစည်၊ တောမသိမ်တော်၊ တောမဓမ္မာရုံ၊ ခေမာသီရိ၊ ညောင်လွန်၊ မြာရေဝေ၊ ကေတုမတီ၊ အုတ်ဖိုမြောက်ကျောင်း၊ အလိုတော်ပြည့်၊ အုတ်ဖိုတောင်ကျောင်း၊ မိုးကုတ်စသည့် ကျောင်း(၁၆)ကျောင်းမှ သီလရှင်အပါး(၃၂၀) တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုတို့ကို လောင်းလှူဒါန်းခဲ့သည်။ 


သိန်းမြင့်ကျော်(မိတ္ထီလာ)

 

1