မိတ္ထီလာ ၁၂ ဇူလိုင်
မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသရှိ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)သင်တန်းကို ဇူလိုင် ၁၁ ရက် နံနက်က ဆည်ကုန်းကျေးရွာ ဓမ္မာရုံတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်ဒေသရှိ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့သည်။ ယင်းသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဇော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ဒေသခံတောင်သူ များ၏ စိုက်ပျိုးလျက်ရှိသည့် လယ်ယာမြေများသည် နှစ်စဉ်ဆက်တိုက် သီးနှံများ စိုက်ပျိုးနေခြင်းကြောင့် လယ်ယာမြေများအတွင်းရှိ အနည်းလိုအာဟာရဓာတ်များ ကုန်ဆုံးသွားကြောင်း၊ ထိုသို့ ကုန်ဆုံးသွားသည့် အနည်းလိုအာဟာရဓာတ်များ၊ မြေဆွေးပုံများ ပြုလုပ်၍ လည်းကောင်း၊ နွားချေး၊ သစ်ရွက်ဆွေးများဖြင့် သဘာဝမြေသြဇာအဖြစ် ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ သဘာဝမြေသြဇာသည် မြေဆီလွှာ၏ ရုပ်ဂုဏ် သတ္တိကို တိုးတက်စေပြီး တောင်သူများအနေဖြင့် ငွေကြေး ကုန်ကျစရိတ်သက်သာကြောင်း၊ သီးနှံပင်အကြွင်း အကျန်များကို သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးမြေဆီလွှာ၏ အစိုဓာတ်ကို ထိန်းသိမ်း နိုင်၍ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်၍ မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုတတ်စေရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးနိုင်စေရန်၊ ပျိုးသက်မှန်ပြီး စိုက်နည်းစနစ်မှန်ကန်စေရန်၊ ဓါတ်မြေသြဇာ အချိုးကျ သုံးစွဲနိုင်စေရန်၊ ပိုးမွှားကာကွယ်တားဆီးရေးနှင့် အလေအလွင့်မရှိ ရိတ်သိမ်းနိုင်စေရန် စသည့် အကြောင်းအရာများကို ပို့ချသင်ကြားပေးသည်။
အဆိုပါသင်တန်းကို ဆည်ကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူ (၈၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


