မိတ္ထီလာ ၁၇  အောက်တိုဘာ

 

မိတ္ထီလာ၌ ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူအပန်းဖြေအနားယူရာနေရာအဖြစ်  ယခုနှစ်မကုန်မီ ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်မောင်တင်ထံက သိရသည်။

 

“  ဗိုလ်ချုပ်ပန်းခြံ မြေရာနေရာကို အများပြည်သူအပန်းဖြေအနားယူရာနေရာအဖြစ် ဒီနှစ် ၂၀၁၉ မကုန်မီမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဗိုလ်ချုပ်ပန်းခြံ မြေနေရာက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် အဲဒီကနေ ခွင့်ပြုချက် တောင်းခံထားပါတယ်။  အဲဒီနေရာကို အများပြည်သူ အပန်းဖြေ အနားယူရာ နေရာအဖြစ် ဆောင်ရွက်ဖို့ ဘတ်ဂျက်လျာထားတာ မရှိသေးပေမယ့် ဒီနှစ်မကုန်မီ ဆောင်ရွက်သွားမှာပါ”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင် က ပြောသည်။

 

မိတ္ထီလာတွင်      အများပြည်သူအပန်းဖြေစရာနေရာအဖြစ်   လွတ်လပ်ရေးပန်းခြံအား ယခင်က ဆောင်ရွက်ထားရှိခဲ့သော်လည်း      ယခုအခါ အဆိုပါပန်းခြံမြေနေရာတွင် မြို့လူထု သောက်သုံးရေ ဖြန့်ဝေသည့် ရေသန့်စက်တည်ဆောက်ထားရှိခြင်း  ၊ ဖောင်တော်ဦးဘုရားပွဲတော်ကာလနှင့် အခြားပွဲတော်များ ကျင်းပသည့် အချိန်များ၌ နေရာပေးရခြင်းများ ရှိသည်။

 

 မိတ္ထီလာ၌ အများပြည်သူအပန်းဖြေနေရာအဖြစ် ၂၀၁၅ ခုနှစ်က ဆောင်ရွက်ခဲ့သော           ညနေပိုင်း အချိန်များ၌သာ     အပန်းဖြေအနားယူနိုင်သည့်     ဓမ္မသုခရွှေစည်းခုံ စေတီတော်အနီးရှိ အများပြည်သူ ဧရိယာနေရာ တစ်ခုသာရှိသည်။   မိတ္ထီလာမြို့သည် ခရိုင်မြို့ကြီးဖြစ်ပြီး အများပြည်သူ အပန်းဖြေအနားယူစရာပန်းခြံမျိုးမရှိခြင်းကြောင့်ယခုကဲ့သို့ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူ အပန်းဖြေ အနားယူစရာ နေရာအဖြစ် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)